PSM၊(News)

မတ်၃၊၂၀၂၆

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ ထားဝယ်နည်းပညာတက္တသိုလ် (GTC) ရှေ့တွင် တပ်စွဲကာ ပြည်သူ များထံမှ ငွေကြေးအတင်းအဓမ္မ ကောက်ခံနေသော စစ်ကော်မရှင်တပ်ဂိတ်စခန်း တိုက်ခိုက် ခံရပြီး သုံး ဦး သေဆုံးကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ဒူရကစစ်ကြောင်း က ထုတ်ပြန်သည်။

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာရှိ အဆိုပါဂိတ်စခန်းကို မတ်လ ၁ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်တွင် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်းက အလစ်အငိုက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲမှာ မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး စစ်ကော်မရှင်ဘက်မှ သုံး ဦး သေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သားများထံမှ MA-1 ၂ လက်၊ G-3 ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ G-3 ကျည် ၁၀၀ တောင့်၊ MA ကျည် ၁၀၀ တောင့်နှင့် MA ကျည်ဘောက် ၅ ဘောက်တို့ကို သိမ်းဆည်း ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒူရကစစ်ကြောင်းက လက်ရှိတွင် စစ်ရေးအရှိန်မြှင့် ဆောင်ရွက်နေသည့်အတွက် ပြည်သူများအနေဖြင့် သတိပြု သွားလာနေထိုင်ကြရန်နှင့် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို သတိပြု၍ လေကြောင်းရန်ကာကွယ်ရေး ညွှန်ကြားချက်များကို လိုက်နာကြရန် တိုက်တွန်းထားသည်။

ထို့ပြင် စစ်ကော်မရှင်ဘက်မှ စစ်သည်နှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အကျိုးမဲ့ အသေမခံဘဲ ပြည်သူ့ရင်ခွင် သို့ အမြန်ဆုံး ခိုလှုံပူးပေါင်းကြရန်လည်း ဒူရကစစ်ကြောင်းက ဖိတ်ခေါ်ထားသည်။

ဓာတ်ပုံ-DNLA

#ထားဝယ်နည်းပညာတက္ကသိုလ်

#အလစ်အငိုက်တိုက်ခိုက်

#PSM_News

By Htet Ko