PSM(News) မတ် ၂ ရက် စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်ရှိ လိပ္ပုတ်ကျေးရွာကို ယမန်နေ့ မတ် ၁ ရက် ညပိုင်းတွင် စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် အရပ်သား ကိုး ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။ တံတားဦးလေတပ်စခန်းမှ တက်လာသည့် စစ်ကော်မရှင်၏ ဂျက်ဖိုက်တာ နှစ်စင်း သည် ယမန်နေ့ ည ၁၁ နာရီ ၂၀ မိနစ်ခန့်က လိပ္ပုတ်ကျေးရွာအတွင်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ရည်ရွယ်ချက်ရှိရှိ လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။ “ညကြီး လူတွေအိပ်နေတဲ့အချိန်မှာ လာကြဲတာပါ။ ဘာတိုက်ပွဲမှလည်း မရှိဘူး။ အခုလက်ရှိ သိရသလောက် ၉ ယောက် သေဆုံးသွားပြီ၊ ၁၄ ယောက် ဒဏ်ရာရထားတယ်။ ဒဏ်ရာပြင်းထန်တဲ့ သူတွေရှိလို့ သေဆုံးသူအရေအတွက် ထပ်တိုးနိုင်ပါတယ်” ဟု သတင်းရင်းမြစ်က PSM News ကို ပြောသည်။ ယခုတိုက်ခိုက်မှုသည် စစ်တပ်လော်ဘီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် “လိပ္ပုတ်ကျေးရွာ ဘုန်းကြီး ကျောင်းအတွင်း NUG ၏ မြေအောက်ဆေးရုံနှင့် ဆက်သွယ်ရေးမြောင်းများ ရှိနေသည်” ဟု Google Maps မှ ဓာတ်ပုံများကို အသုံးပြုကာ သတင်းမှားဖြန့်ဝေပြီးနောက်ပိုင်း တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ စစ်ကော်မရှင်သည် လော်ဘီများ၏ သတင်းမှားစွပ်စွဲချက်များကို အခြေခံကာ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ စစ်ကော်မရှင်သည် မတ်လ ၁ ရက်နေ့ကပင် မကွေးတိုင်း မင်းတုန်းမြို့နယ်တွင်လည်း ကုန်ကားရပ်နား စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၂၅ ဦး သေဆုံးခဲ့၍ ယခု ပင်လည်ဘူးဖြစ်စဉ်သည် စစ်ကော်မရှင်က အရပ်သားများကို ပစ်မှတ်ထားသည့် စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန် နေခြင်း ဖြစ်သည်။ ပုံစာ- လိပ္ပုတ်ကျေးရွာအတွင်းသို့ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက်တွေ့ရစဉ် #ပင်လည်ဘူး #စစ်ကော်မရှင် #လေကြောင်းတိုက်ခိုက် #အရပ်သားသေဆုံး #သတင်းမှားဖြန့်ဝေ #တိုက်ခိုက်ခံရ #PSM_News Post navigation ရန်ကုန်တက္ကသိုလ်၏ ဂုဏ်ထူးဆောင်ဒေါက်တာ မင်းအောင်လှိုင်က အင်တာနက်ဖြတ်၊ VPN ပိတ်ပြီး တောင်သူများကို AI သုံးခိုင်း ထားဝယ်နည်းပညာတက္ကသိုလ်ရှေ့ရှိ စစ်ကော်မရှင်ဂိတ် တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ