PSM(NEWS)
ဖေဖော်ဝါရီ ၃၊ ၂၀၂၆

တရုတ်နိုင်ငံ၏ တရားရေးဝန်ကြီးဟောင်း ထောင်ရီကျင်း သည် လာဘ်ပေးလာဘ်ယူမှုဖြင့်တနင်္လာနေ့ တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံလိုက်ရကြောင်း နိုင်ငံပိုင် CCTV ရုပ်သံသတင်းက ထုတ်ပြန်သည်။

ဖူကျန့်ပြည်နယ်ရှိ ရှမန်ပြည်သူ့တရားရုံး၏ အဆိုအရ ထောင်ရီကျင်းသည် ၂၀၀၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရုတ်ယွမ်ငွေ ၁၃၇ သန်းကျော် (အမေရိကန်ဒေါ်လာ ၁၉.၇၁ သန်းခန့်) တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို တရားမဝင် လက်ခံရယူခဲ့ကြောင်း သိရသည်။

၎င်းသည် ရာထူးအာဏာကို အလွဲသုံးစားပြု၍ ကုမ္ပဏီများ စတော့ရှယ်ယာစာရင်းသွင်းခြင်း၊ မြေယာပြန်လည်ဝယ်ယူခြင်း၊ ဘဏ်ချေးငွေများနှင့် အမှုအခင်းကိုင်တွယ်မှု နယ်ပယ်များတွင် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအတွက် အကျိုးအမြတ်ရရှိစေရန် ဆောင်ရွက်ပေးခဲ့ကြောင်း CCTV က ဖော်ပြသည်။

တရားရုံးက ထောင်ရီကျင်းအား နိုင်ငံရေးအခွင့်အရေးများ တစ်သက်တာ ပိတ်ပင်ရန်နှင့် ၎င်း၏ ကိုယ်ပိုင်ပိုင်ဆိုင်မှုအားလုံးကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် အမိန့်ချမှတ်ခဲ့သည်။

ထောင်ရီကျင်းကို ၂၀၂၄ ခုနှစ်တွင် စတင်စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်ပြီး ထိုစဉ်ကပင် တရုတ်ကွန်မြူနစ်ပါတီမှ ထုတ်ပယ်ခံခဲ့ရသည်။ ၎င်းအား ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခြင်းသည် တရုတ်နိုင်ငံအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး အရှိန်မြှင့်နေစဉ်အတွင်း ပေါ်ပေါက်လာခြင်းဖြစ်သည်။

သီးခြားအမှုတစ်ခုအနေဖြင့်၊ ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်စနေနေ့ တွင် တရုတ်အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က လက်ရှိတာဝန်ထမ်းဆောင်ဆဲ အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီး ဝမ်ရှန်းရှီး ကိုလည်း “စည်းကမ်းနှင့် ဥပဒေအား ပြင်းထန်စွာ ချိုးဖောက်မှု” သံသယဖြင့် စုံစမ်းစစ်ဆေးနေကြောင်း ကြေညာခဲ့သည်။

တရုတ်နိုင်ငံတွင် လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဝန်ကြီးတစ်ဦးကို ယခုကဲ့သို့ စုံစမ်းစစ်ဆေးခြင်းမှာ ဖြစ်တောင့်ဖြစ်ခဲ ရှားပါးသည့်ကိစ္စဖြစ်သည်။

အဆိုပါလုပ်ဆောင်ချက်သည် သမ္မတ ရှီကျင့်ဖျင်၏ ပါတီတွင်း သန့်စင်ရေးစီမံချက်အရ ပြီးခဲ့သည့်နှစ်အတွင်းက အဆင့်မြင့်အရာရှိကြီးများကို စံချိန်တင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ပေါ်ပေါက်လာသည့် နောက်ဆက်တွဲ အခြေအနေလည်း ဖြစ်သည်။

ကိုးကား-Reuters

တရုတ်တရားရေးဝန်ကြီးဟောင်း

အဂတိလိုက်စားမှု

တစ်သက်တစ်ကျွန်း_ပြစ်ဒဏ်ချမှတ်

ရှီကျင့်ဖျင်

ပါတီတွင်း_သန့်စင်ရေးစီမံချက်

PSM_News

By Htet Ko