PSM News ဇူလိုင် ၂၉၊ ၂၀၂၆ မြန်မာနိုင်ငံတွင် အာဏာလုစစ်အုပ်စု၏ ခေါင်းဆောင်မှုဖွဲ့စည်းပုံ ပြောင်းလဲခဲ့ပြီးနောက်ပိုင်း အရပ် သားများအပေါ် လေကြောင်းမှ ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်မှုများနှင့် ဖိနှိပ်မှုများ ပိုမိုဆိုးရွားလာကြောင်း နိုင်ငံတကာ ပဋိပက္ခ ဒေတာစောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် ACLED က ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်သည်။ အာဏာလုစစ်အုပ်စုသည် ပြီးခဲ့သည့် မတ်လအတွင်း စစ်ဘက်ဆိုင်ရာ ကွပ်ကဲမှုစနစ်ကို ပြန်လည် ပြင်ဆင်ခဲ့ပြီးနောက် ဧပြီလတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတအဖြစ် ပြောင်းလဲရယူခဲ့သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာလု သမ္မတအဖြစ် ပြောင်းလဲရယူပြီးနောက် ၎င်း၏ အနီးကပ်လူယုံတော် ရဲဝင်းဦးကို ကာကွယ်ရေးဦးစီးချုပ်အဖြစ် ပြောင်းလဲတာဝန်ယူစေခဲ့ကာ စစ်ဆင်ရေး နည်းဗျူဟာ ပြောင်းလဲမှုများကို စတင်ခဲ့သည်။ အဆိုပါ နည်းဗျူဟာ အပြောင်းအလဲများတွင် တိုက်လေယာဉ် နှစ်စင်းမှ ငါးစင်းအထိ ပါဝင်သော အထူးအဖွဲ့များဖြင့် ပစ်မှတ်တစ်ခုတည်းကို ဆက်တိုက်ဆိုသလို အပြင်းအထန် ဗုံးကြဲသည့် လုပ်ဆောင် မှုများ ပါဝင်လာသည်။ ထို့ကြောင့် စစ်အုပ်စု၏ ဗုံးကြဲမှု အကြိမ်အရေအတွက် လျော့နည်းသွား သော်လည်း အရပ်သားသေဆုံးမှုနှင့် အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးမှုမှာ ပိုမိုမြင့်တက် လာကြောင်း ACLED ထံမှ သိရသည်။ အာဏာလုစစ်တပ်၏ ထိုးစစ်ဆင်မှုများကြောင့် ချင်း၊ ကရင်၊ ရခိုင်ပြည်နယ်နှင့် ပဲခူး၊ မကွေး၊ စစ်ကိုင်း တိုင်းတို့မှ အရပ်သားပြည်သူများမှာ လေကြောင်းနှင့် လက်နက်ကြီး အန္တရာယ်ကို ရင်ဆိုင်နေရပြီး စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက်အအုံများနှင့် စစ်ဘေးရှောင် စခန်းများကိုပါ ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။ အထူးသဖြင့် စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းအတွင်းရှိ အရပ်သား ပြည်သူများသည် စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် မီးရှို့မှုများကို အဓိက ကြုံတွေ့နေရသည်။ အာဏာလု စစ်အုပ်စုသည် ၂၀၂၆ ခုနှစ် ပထမဝက်အတွင်း စစ်တပ်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ၁၂ ခုထက်မက ကျူးလွန်ခဲ့ရာ အရပ်သား ၄၅၀ ကျော် သေဆုံးခဲ့ပြီး ၄၀ ရာခိုင်နှုန်းခန့်မှာ စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းအတွင်းရှိ ပြည်သူများ ဖြစ်ကြောင်း ACLED ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့ပြင် ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီ စသည့် စစ်တပ် တင်းကျပ်စွာ ထိန်းချုပ်ထားသော မြို့ကြီး များတွင်လည်း အဓမ္မ စစ်သားစုဆောင်းမှုများကို အရှိန်အဟုန်မြှင့် ပြုလုပ်လျက်ရှိသည်။ အာဏာလု စစ်အုပ်စုသည် ၂၀၂၄ မှ ၂၀၂၆ ခုနှစ် မေလအထိ အွန်လိုင်းတွင် ဝေဖန်ရေးသားမှုများကြောင့် လူဦးရေ ၂၀,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ လက်ရှိ မိုးရာသီကာလတွင် လေကြောင်းတိုက်ခိုက်မှု အနည်းငယ် လော့ကျနိုင်သော်လည်း မိုးရာသီအကုန် အောက်တိုဘာလမှစ၍ လေကြောင်းစစ်ဆင်ရေးများ ပြန်လည်မြင့်တက်လာဖွယ် ရှိကြောင်း ACLED က သတိပေးထားသည်။ အာဏာလု စစ်အုပ်စုသည် ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရယူရန် လုပ်ဆောင်နေသဖြင့် စစ်ဘေးရှောင် ဦးရေ ပိုမိုများပြားလာမည်ဖြစ်ကာ အစားအသောက် လုံခြုံမှုမရှိခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု မရှိခြင်းစသည့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ ပိုမိုဆိုးရွား လာနိုင်ကြောင်း ACLED က သုံးသပ်ထားသည်။ ဓာတ်ပုံ-လူမှုကွန်ရက် Post navigation စစ်ကိုင်းနှင့် ဝက်လက်တွင် တိုက်ပွဲမရှိဘဲ အာဏာလုစစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲ၍ စစ်ရှောင် ၁ ဦးအပါအဝင် အရပ်သား ၂ ဦး သေဆုံး၊ နေအိမ် ၂၀ မီးလောင်ပြာကျ KIA ထိန်းချုပ်ထားသည့် မဘိမ်းမြို့ကို ဗုံးကြဲ အမျိုးသား ၂ ဦး သေဆုံး