PSM(News) ဇူလိုင် ၂၉၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နှင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို အာဏာလုစစ်အုပ်စုက မည်သည့် တိုက်ပွဲမျှ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စစ်ရှောင် ပြည်သူ တစ်ဦးအပါအဝင် အရပ်သား နှစ်ဦး သေဆုံးခဲ့ပြီး ပြည်သူ့နေအိမ် ၂၀ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။ အာဏာလုစစ်တပ်သည် ယမန်နေ့ ဇူလိုင် ၂၈ ရက် နံနက် ၁၀ နာရီကျော်က မြေပြင်တိုက်ပွဲနှင့် စစ်ကြောင်းများ မရှိဘဲ ဝက်လက်မြို့နယ်၊ ပေါက်ကန်ဘူတာရွာနှင့် စစ်ကိုင်းမြို့နယ်၊ စမွန်းရွာတို့အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “ပေါက်ကန်ဘူတာရွာကို နှစ်ကြိမ်ပစ်ပြီးတော့မှ နောက် နှစ်ကြိမ်က စစ်ကိုင်းမြို့နယ်၊ စမွန်းရွာ အရှေ့ မြောက်ဖျားကို နှစ်ကြိမ်ပစ်သွားတာ။ ဒီနေ့ ပစ်သွားတဲ့နေရာမှာ မြေပြင်တိုက်ပွဲမရှိဘူး။ စစ်ကြောင်း မရှိဘဲနဲ့ ပစ်သွားတာပါ” ဟု Wetlet Information Network မှ တာဝန်ရှိသူတစ်ဦးက PSM ကို ပြောသည်။ အာဏာလုစစ်အုပ်စု၏ ပေါက်ကန်ဘူတာရွာ ဗုံးကြဲမှုဖြစ်စဉ်အတွင်း ရွှေပြည်ရွာမှ စစ်ဘေးရှောင်လာသူ အသက် (၆၀) အရွယ် ဦးသန်းမြင့် စီးနင်းလာသည့် ယာဉ်ပေါ်သို့ ဗုံးသီးကျရောက်၍ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက PSM ကို အတည်ပြုသည်။ ထို့အပြင် စမွန်းကျေးရွာအတွင်းသို့ စစ်တပ်က ဗုံးကြဲခဲ့သဖြင့် အရပ်သား အမျိုးသမီး တစ်ဦး သေဆုံးကာ အခြား ပြည်သူ သုံးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည့်အပြင် ပြည်သူ့နေအိမ် ၂၀ လုံးထက်မနည်း ဗုံးသီးထိမှန် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းအတွင်း မြေပြင်နယ်မြေစိုးမိုးမှု လက်လွှတ်ဆုံးရှုံးနေသည့် အာဏာလုစစ်အုပ်စုသည် ပြည်သူလူထုကို ထိတ်လန့်စေရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များအား ထောက်ပို့မပေးနိုင်စေရန် ရည်ရွယ်၍ အပြစ်မဲ့ကျေးရွာများကို လေကြောင်းမှ စနစ်တကျ ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လနှောင်းပိုင်းကလည်း စစ်ကိုင်းမြို့နယ်အတွင်းရှိ တလိုင် (ထီးလှိုင်) ကျေးရွာအရှေ့ဖျားသို့ အာဏာလုစစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးလေး ဦးအပါအဝင် အပြစ်မဲ့ အရပ်သား ရှစ်ဦး သေဆုံးခဲ့သည်။ ဓာတ်ပုံ-Wetlet Information Network Post navigation ဖောင်းပြင်တွင် စစ်တပ်က လေကြောင်းနှင့် ချင်းတွင်းမြစ်တွင်းမှ စစ်သင်္ဘောများဖြင့် ပစ်ခတ်၍ အရပ်သား တစ်ဦး သေဆုံးပြီး နေအိမ် ၄၀ ခန့် မီးလောင်ပြာကျ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာလု သမ္မတဖြစ်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုနှင့် အရပ်သားများအပေါ် ဖိနှိပ်မှု ပိုမိုဆိုးရွားလာ