PSM (News) ဇူလိုင် ၂၈ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်အတွင်းရှိ ကျေးရွာများကို အာဏာလုစစ်တပ်က မည်သည့် တိုက်ပွဲမျှ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲခြင်းနှင့် ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာသည့် စစ်သင်္ဘော ပေါ်မှ လက်နက် ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းတို့ကြောင့် အရပ်သား ပြည်သူ အမျိုးသမီး တစ်ဦး သေဆုံးကာ ဒေသခံ တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၄၀ ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ အာဏာလု စစ်အုပ်စု၏ ဟုမ္မလင်းလေတပ်မှ တက်လာသော K-8W အမျိုးအစား တိုက်လေယာဉ် များသည် ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်နေ့ကဖောင်းပြင်မြို့နယ် တောင်ပိုင်းသို့ ဗုံး ၁၅ လုံး ကြဲချတို က်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သား အမျိုးသမီး တစ်ဦး သေဆုံးခဲ့ရပြီး သေဆုံးသူ၏ အမည်နှင့် အချက်အလက်များကို ဆက်လက်အတည်ပြုနေဆဲ ဖြစ်သည်။ ထို့အပြင် ယင်းနေ့ နံနက်ပိုင်းတွင်ပင် ဟုမ္မလင်းမြို့နယ်၊ ထိုမာတဲကျေးရွာမှ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာသည့် စစ်တပ် စစ်သင်္ဘောများက လက်ပံသာကျေးရွာအလွန် အရောက်တွင် မြစ်ကမ်းဘေးရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သည်။ “စစ်သင်္ဘောတွေက လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် လက်ပံသာရွာက မျောလုပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရတယ်။ သရောင်းရွာမှာတော့ နေအိမ် ၄၀ လောက်၊ နွားစာဂိုဒေါင်နဲ့ စပါးတိုက်တွေ မီးလောင်ပျက်စီးခဲ့ပါတယ်” ဟု ဒေသတွင်း တော်လှန်ရေးသတင်းရင်းမြစ်က PSM News ကို ပြောသည်။ စစ်အုပ်စုသည် စစ်ကိုင်းတိုင်းအတွင်း မြစ်ကြောင်းစစ်ဆင်ရေးနှင့် ရိက္ခာသယ်ယူပို့ဆောင်ရေးများ ပြုလုပ်ချိန်တိုင်းတွင် မြစ်ဘေးဝဲယာရှိ အရပ်သားကျေးရွာများကို ပစ်မှတ်ထား၍ လက်နက်ကြီးများဖြင့် အမြဲမပြတ် ရမ်းသန်းပစ်ခတ်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပစ်ခတ်မှုကြောင့် လက်ပံသာကျေးရွာမှ အသက် ၂၁ နှစ်အရွယ် မျောလုပ်သား ကိုမင်းထက်တွင် အရိုးကြေဒဏ်ရာနှင့် ခြေဖမိုး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး သရောင်းကျေးရွာရှိ ပြည်သူ့နေအိမ် ၄၀ ခန့်အပါအဝင် နွားစာဂိုဒေါင် တစ်လုံးနှင့် စပါးတိုက် တစ်လုံးတို့ မီးလောင်ပြာကျခဲ့သည်။ စစ်ကောင်စီတပ်သည် အဆိုပါ ဖြစ်စဉ်အတွင်း မည်သည့် တိုက်ပွဲမျှ ဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများ စုဝေးနေထိုင်ရာ ကျေးရွာများအတွင်းသို့ သက်ရောက်စေရန် ဦးတည်ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ဓာတ်ပုံ-CJ Post navigation မဘိမ်းတွင် လူနေရပ်ကွက်များကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲ၍ ပြည်သူများ သေဆုံး၊ ဖာပွန်တွင်လည်း စာသင်ကျောင်းနှင့် အိမ်ခြေ ၁၂ လုံး ပျက်စီး စစ်ကိုင်းနှင့် ဝက်လက်တွင် တိုက်ပွဲမရှိဘဲ အာဏာလုစစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲ၍ စစ်ရှောင် ၁ ဦးအပါအဝင် အရပ်သား ၂ ဦး သေဆုံး၊ နေအိမ် ၂၀ မီးလောင်ပြာကျ