PSM (NEWS)

ဇွန် ၂၈ ၊၂၀၂၆

အယ်လ်ဂျီးရီးယားနှင့် သြစတြီးယားတို့သည် စနေနေ့ညက ကစားခဲ့သည့် ပွဲစဉ်တွင် သရေတစ်မှတ်ရရုံဖြင့် နှစ်သင်းစလုံး ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်ကြောင်း ကြိုတင်သိရှိထားခဲ့ကြသည်။

သို့သော်လည်း ၎င်းတို့သည် ၃-၃ ဂိုးဖြင့် စိတ်လှုပ်ရှားဖွယ် သရေပွဲကို ဖန်တီးခဲ့ကြသည်။

အုပ်စုအဆင့်၏ အသည်းတုန်ဖွယ်အကောင်းဆုံး ပွဲစဉ်ဖြစ်ခဲ့ပြီး၊ အယ်လ်ဂျီးရီးယားက ပွဲပြီးခါနီး အချိန်ပိုတွင် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း သြစတြီးယားက ပွဲအပြီးသတ်ခါနီးနောက်ဆုံးစက္ကန့်တွင် ချေပဂိုးပြန်သွင်းနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါရလဒ်သည် နှစ်သင်းစလုံးအတွက် အောင်ပွဲခံရမည့်ရလဒ်ဖြစ်ခဲ့သော်လည်း အီရန်အသင်းအတွက်မူ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည့်အတွက် စိတ်ပျက်ဖွယ်ရာ ဖြစ်ခဲ့ရသည်။

“ကျွန်တော် နည်းပြလုပ်လာတာ နှစ်ပေါင်း ၄၀ လောက်ရှိပါပြီ။ ဒီလောက် စိတ်လှုပ်ရှားစရာကောင်းပြီး မထင်မှတ်ထားတဲ့ ရလဒ်ထွက်ပေါ်လာတဲ့ ပွဲမျိုးကို ကျွန်တော် မမှတ်မိတော့ဘူး” ဟု သြစတြီးယားနည်းပြ ရာလ်ဖ် ရန်းနစ်က ခေါင်းခါရင်း ပြောကြားခဲ့သည်။ “ပွဲအစကတည်းက ၃-၃ ဂိုး ဖြစ်မယ်လို့ ဘယ်သူမှ ယုံမှာမဟုတ်ဘူး။ ဒီလိုဖြစ်လာမယ်ဆိုတာ ဘယ်သူမှလည်း ခန့်မှန်းရဲမှာမဟုတ်ဘူး”ဟုဖြည့်စွက်ပြောကြားခဲ့သည်။

ပွဲချိန်နောက်ဆုံးမိနစ်များတွင် ၂-၂ ဂိုးဖြင့် သရေကျနေချိန်၌ အယ်လ်ဂျီးရီးယားအသင်းသည် ပွဲချိန်ကိုသာ ကုန်ဆုံးစေပြီး နှစ်သင်းစလုံး ရှုံးထွက်အဆင့်သို့ တက်ရောက်ရန် ရည်ရွယ်ထားပုံပေါ်ခဲ့သည်။ သို့သော် ရီယာ့ဒ် မာရက်ဇ်က ပွဲတွင် မိမိ၏ ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့သည်။ ထိုဂိုးကြောင့် သြစတြီးယားအသင်း ပြိုင်ပွဲမှ ထွက်ခွာရမည့်အခြေအနေသို့ ရောက်ရှိသွားခဲ့သော်လည်း နာရီပိုင်းအကြာတွင် ဆာဆာ ကာလာဂျစ်က ခေါင်းတိုက်ကာ ချေပဂိုးသွင်းယူပေးခဲ့ပြီး အသင်း၏ ကမ္ဘာ့ဖလားမျှော်လင့်ချက်ကို ပြန်လည်ကယ်တင်ပေးခဲ့သည်။

မာကိုအာနာတိုဗစ် နှင့် မာဆယ် ဆာဘစ်ဇာတို့ကလည်း သြစတြီးယားအတွက် ဂိုးများသွင်းယူပေးခဲ့ပြီး အုပ်စု (J) တွင် အာဂျင်တီးနား၏နောက် ဒုတိယနေရာဖြင့် ၁၉၈၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ ၎င်းတို့သည် လာမည့် ကြာသပတေးနေ့တွင် လော့စ်အိန်ဂျလိစ်မြို့၌ ဥရောပချန်ပီယံ စပိန်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ကိုးကား-AP

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed