PSM(News) ဇွန် ၂၉၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း (၆) မှ တပ်ရင်းမှူးပုလဲမောင်(ခ)ပီတာ အသတ်ခံရမှုတွင် လူသတ်မှုကိုကျူးလွန်ရန် အားပေးအားမြှောက်ပြုခဲ့သည်ဟု သံသယရှိခြင်းခံနေရသော ခရိုင်ကွပ်ကဲ ရေးမှူး ဗိုလ်စွမ်းသူမောင်အား ဖမ်းဆီးပြီး၊ ခရိုင်စစ်ဌာနတစ်ခုလုံးကိုလည်း တာဝန်မှ ယာယီရပ်ဆိုင်း လိုက်ကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက PSM News ကို အတည်ပြုပြောကြားသည်။ ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့က ယင်းမာပင်ခရိုင်စစ်ဌာန၌ ပြုလုပ်သော အစည်းအဝေးတွင် ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်၏ ကိုယ်ရေးအရာရှိ (PA) ဖြစ်သူ ရဲဘော်ငဖြိုးက ယင်းမာပင်ခရိုင် တပ်ရင်း (၆) တပ်ရင်းမှူး ပုလဲမောင်ကို ပစ္စတိုသေနတ်ဖြင့် အနီးကပ်ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။ “ဖြစ်စဉ်ဖြစ်တဲ့နေ့ ညကတည်းက တာဝန်တွေ ယာယီရပ်ဆိုင်းတဲ့အမိန့် (Order) တော့ ဌာနတွင်း ထွက်ထားပြီးပါပြီ။ Public (အများပြည်သူ) မှာတော့ ရုံးစာဖြစ်တဲ့အတွက် ထုတ်ပြန်ခြင်းမရှိသေးဘူး။ ဒါပေမဲ့ ချက်ချင်းအရေးယူဆောင်ရွက်ဖို့အတွက် ခရိုင်စစ်ဌာနတစ်ခုလုံးကို ရပ်ဆိုင်းတဲ့အလုပ်ကတော့ လုပ်ပြီးပါပြီ” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက PSM ကို ပြောသည်။ တပ်ရင်းမှူး ကိုပုလဲမောင် ပစ်သတ်ခံရပြီးနောက် နာရီပိုင်းအကြာတွင် ပစ်ခတ်သူ ရဲဘော်ငဖြိုးနှင့် ဗိုလ်စွမ်းသူမောင်တို့က ပစ်သတ်ရသည့်အကြောင်းရင်းကို အမေးအဖြေပြုလုပ်ထားသည့် တစ်မိနစ်ခွဲ ကျော်ကြာ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်သို့ ပျံ့နှံ့ခဲ့သည်။ အဆိုပါရုပ်သံဖိုင်တွင် ရဲဘော်ငဖြိုးက တပ်ရင်းမှူး ပုလဲမောင်သည် ဗိုလ်စွမ်းသူမောင်ကို လုပ်ကြံ သတ်ဖြတ်ရန်အတွက် သိန်းထောင်ချီသည့် ငွေကြေးမက်လုံးများပေး၍ ၎င်းကို ငှားရမ်းခဲ့ကြောင်း ထွက်ဆို ရှင်းလင်းထားသည်။ သို့သော် အဆိုပါထွက်ဆိုချက်သည် လူသတ်မှုကို ဖုံးကွယ်ရန် ယုတ္တိမရှိသည့် ကြံစည်မှုသာဖြစ်ကြောင်း ဒေသတွင်းတော်လှန် ရေးတပ်ဖွဲ့များက ယူဆနေကြသည်။ ဗိုလ်စွမ်းသူမောင်၊ ရဲဘော်ငဖြိုးနှင့် ကိုပုလဲမောင်တို့ သုံးဦးတည်းရှိနေချိန်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း၊ သာမန်ရဲဘော်များ ကိုင်ဆောင်ခွင့်မရှိသည့် ပစ္စတိုသေနတ်ကို ရဲဘော်ငဖြိုးက ကိုင်ဆောင်ခွင့် ရရှိထားခြင်းတို့ကြောင့် ဗိုလ်စွမ်းသူမောင်သည် လူသတ်မှုတွင် ပါဝင်ပတ်သက်နေသူ သို့မဟုတ် ကြံရာပါဖြစ်နိုင်ကြောင်း ထောက်ပြကာ စွပ်စွဲမှုများ ရှိနေသည်။ “လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်ပါလိမ့်မယ်။ လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်ပြီးမှသာလျှင် အရေးယူတဲ့အပိုင်းကို ရောက်မှာပါ” ဟု လူသတ်မှုနှင့်ပတ်သက်၍ ဖမ်းဆီးထားသူများကို စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း အဆိုပါမြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်လက်ပြောကြားသည်။ ယင်းမာပင်ခရိုင်တပ်ရင်း (၆) တပ်ရင်းမှူး ကိုပုလဲမောင် အသတ်ခံရမှုနှင့် ပတ်သက်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ ကိုင်တွယ်ဆောင်ရွက်မှုများကို ဒေသတွင်းတော်လှန်ရေး တပ်ဖွဲ့များ အပြင် တော်လှန်ရေးအသိုင်းအဝိုင်းတစ်ခုလုံးကပါ ထုတ်ပြန်ချက်များထုတ်ကာ စောင့်ကြည့်နေကြပြီး တရားမျှတမှုကို အမြန်ဆုံးဖော်ထုတ်ပေးရန် တိုက်တွန်းတောင်းဆိုထားသည်။ ဓာတ်ပုံ-လူမှုကွန်ရက် Post navigation စစ်ကိုင်းတွင် တိုက်ပွဲမရှိဘဲ ရွာပေါ်သို့ စစ်အုပ်စုက ဗုံးကြဲသဖြင့် ဒဏ်ရာရသူတစ်ဦး ထပ်မံသေဆုံးကာ ကလေး ၄ ဦးအပါအဝင် ၈ ဦးအထိ သေဆုံးမှုမြင့်တက်လာ “ဘုံရန်သူဦးတည်တိုက်ရေးနှင့် ညီညွတ်ရေးဆီသို့” လှုပ်ရှားမှုတွင် ထောက်ခံသည့် တော်လှန်ရေး အဖွဲ့အစည်းပေါင်း ၁၅၆ ဖွဲ့အထိ ရှိလာ