PSN(News)

ဇွန် ၂၈၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ တလိုင်း (ထီးလှိုင်) ရွာကို ဖက်ဆစ်စစ်အုပ်စုက ယနေ့ မွန်းလွဲပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒဏ်ရာပြင်းထန်သူတစ်ဦး ထပ်မံသေဆုံး သွားကာ လက်ရှိအချိန်အထိ ကလေးငယ် ၄ ဦးအပါအဝင် အရပ်သား ရှစ် ဦးအထိ သေဆုံးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များနှင့် Wetlet Information Network ထံမှ သိရသည်။

စစ်အုပ်စုသည် ယနေ့ ဇွန် ၂၈ ရက် မွန်းလွဲ ၂ နာရီကျော်က တလိုင်း (ထီးလှိုင်) ရွာ အရှေ့ဖျား အနီးဝန်းကျင်၌ တစ်စုံတစ်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာပေါ်သို့ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်တိုင်တိုင် တမင်သက်သက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လေကြောင်းဗုံးကြဲမှုကြောင့် နေရာတွင်တင် အရပ်သား ခုနစ် ဦး သေဆုံးခဲ့ပြီး ညနေပိုင်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိထားသည့် လူနာတစ်ဦး ထပ်မံသေဆုံးသွားခဲ့သဖြင့် သေဆုံးသူ ရှစ် ဦးအထိ ရှိလာခြင်းဖြစ်သည်။

သေဆုံးသူများမှာ အသက် (၆) နှစ်အရွယ် မဂျူးဂျူး၊ အသက် (၁၄) နှစ်အရွယ် မောင်ဟန်လင်းထက်၊ အသက် (၂၀) အရွယ် မောင်နိုးနိုး၊ အသက် (၅၂) နှစ်အရွယ် ဒေါ်သင်း၊ အသက် (၅၂) နှစ်အရွယ် ဒေါ်ဝင်း၊ အသက် (၄၀) အရွယ် ဒေါ်သန်းသန်းစိုးနှင့် သူမ၏ အသက် (၈) နှစ်အရွယ် သားဖြစ်သူ၊ အသက် (၅) နှစ်အရွယ် သမီးဖြစ်သူတို့ ဖြစ်ကြသည်။

“သေသွားတဲ့အထဲက မဂျူးဂျူးနဲ့ မောင်ဟန်လင်းထက်တို့က မောင်နှမတွေပါ။ မသန်းသန်းစိုးနဲ့ သူ့ရဲ့ သားအမိ သုံး ဦးစလုံးလည်း ဗုံးဒဏ်ကြောင့် ဆုံးသွားရတာ။ လေယာဉ်က အိမ်ပေါ်ကို တည့်တည့် ကြဲသွားတာလို့ သိရတယ်” ဟု Wetlet Information Network မှ တာဝန်ရှိသူတစ်ဦးက PSM ကို ပြောသည်။

၎င်းအပြင် အဆိုပါ အကြမ်းဖက် လေကြောင်းတိုက်ခိုက်မှုကြောင့် တလိုင်းရွာအတွင်းရှိ ပြည်သူ ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိထားပြီး ၎င်းတို့အနက် ဒဏ်ရာပြင်းထန်သူအချို့ ရှိနေသေးသည့်အတွက် သေဆုံးသူအရေအတွက် ထပ်မံတိုးလာနိုင်ကြောင်းနှင့် ကျေးရွာအတွင်းရှိ နေအိမ် ငါးလုံးခန့်လည်း ဗုံးဒဏ်ကြောင့် ပြာကျပျက်စီးသွားကြောင်း သိရသည်။

မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်း ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်နေရသည့် စစ်အုပ်စုသည် ယမန်နေ့ ကလည်း ဝက်လက်မြို့နယ်အတွင်းရှိ လယ်ကျွန်းကျေးရွာထဲသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၂၆ နှစ်အရွယ် ပြည်သူအမျိုးသားတစ်ဦး လက်ကောက်ဝတ်ပြတ်သွားပြီး ၎င်း၏ ဇနီးဖြစ်သူ မှာလည်း လက်မောင်းရင်း ပြတ်ရှဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။

လက်ရှိတွင် စစ်အုပ်စုသည် ကရင်၊ ကချင်နှင့် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရေးနှင့်မသက်ဆိုင်သည့် အရပ်သားကျေးရွာများ၊ စာသင်ကျောင်းများနှင့် ဆေးရုံများကို ပစ်မှတ်ထားကာ လေကြောင်းမှ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

ဓာတ်ပုံ – CJ

ပုံစာ-စစ်အုပ်စု လေကြောင်းမှဗုံးကြဲပြီးနောက် တွေ့ရသည့် မြင်ကွင်း

By Htet Ko

You missed