PSM(News) ဇွန် ၂၉၊ ၂၀၂၆ တော်လှန်ရေးအင်အားစုများအကြား လက်နက်အားကိုးဖြင့် ဖြေရှင်းမှုများကို တားဆီးပြီး ဘုံရန်သူ ဖြစ်သည့် စစ်အုပ်စုကိုသာ ဦးတည်တိုက်ခိုက်ရန် ရည်ရွယ်သည့် “ဘုံရန်သူဦးတည်တိုက်ရေးနှင့် ညီညွတ်ရေးဆီသို့” ပူးတွဲနှိုးဆော်ချက် ကမ်ပိန်းတွင် ပါဝင်ထောက်ခံသည့် အဖွဲ့အစည်းပေါင်း ၁၅၆ ဖွဲ့အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ လှုပ်ရှားမှုကို စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) အပါအဝင် မူလတော်လှန်ရေးအဖွဲ့အစည်း ၉၅ ဖွဲ့ဖြင့် ဇွန်လ ၂၈ ရက် (မနေ့က) တွင် စတင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီ လှုပ်ရှားမှုကို ထောက်ခံသည့် ထပ်တိုးအဖွဲ့အစည်းများ ပါဝင်လာသဖြင့် စုစုပေါင်း ၁၅၆ ဖွဲ့အထိရှိလာပြီ ဖြစ်သည်။ ပူးတွဲနှိုးဆော်ချက်တွင် နွေဦးတော်လှန်ရေးကာလ ရှည်ကြာလာသည်နှင့်အမျှ အဖွဲ့အစည်း အချင်းချင်း ကြား သဘောထားကွဲလွဲမှုများနှင့် ပွတ်တိုက်မှုများရှိလာနိုင်သော်လည်း ထိုပြဿနာများကို လက်နက် အားကိုးဖြင့် ဖြေရှင်းရန် ကြိုးပမ်းလာခြင်းသည် တော်လှန်ရေးအဟုန်ကို တန့်သွားစေပြီး ဘုံရန်သူ စစ်အုပ်စုကိုသာ အသက်ဆက်သွင်းရာ ရောက်ရှိသွားနိုင်ကြောင်း သတိပေးထားသည်။ ထို့ကြောင့် အချင်းချင်းကြား ကြုံတွေ့ရမည့် မကျေလည်မှုများကို လက်နက်၊ အင်အားဖြင့် မဖြေရှင်းဘဲ “ညီညွတ်ရေးကို အခြေခံသည့် နိုင်ငံရေးအရ တန်းတူရည်တူ ညှိနှိုင်းဆွေးနွေးခြင်း” နည်းလမ်းဖြင့်သာ စံနမူနာပြ ဖြေရှင်းသွားကြရန် တိုက်တွန်းထားသည်။ ယင်းအပြင် “ညီညွတ်ရေးသည် အစွမ်းထက်ဆုံးလက်နက်” ဖြစ်သည်နှင့်အညီ ပူးတွဲနှိုးဆော်ချက်တွင် အချက် ၃ ချက်ကို ထည့်သွင်းဖိတ်ခေါ်ထားပြီး တော်လှန်ရေးနှင့် နိုင်ငံရေးအင်အားစုများအနေဖြင့် အချင်းချင်းကြား လက်နက်သုံးဖြေရှင်းမှုများကို ဝိုင်းဝန်းတားဆီးကာ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်း မှုများကို အင်တိုက်အားတိုက် ဝန်းရံပေးကြရန် တိုက်တွန်းထားသည်။ အတတ်ပညာရှင်၊ အသိပညာရှင်များနှင့် အနုပညာရှင်များအနေဖြင့်လည်း မိမိတို့တတ်ကျွမ်းသော ကဏ္ဍအသီးသီးမှတစ်ဆင့် ဦးတည်ချက်မပျောက်ရေး အသိပညာပေးမှုများနှင့် လှုံ့ဆော်မှုများကို လူမှုကွန်ရက်နှင့် မြေပြင်တွင် ကူညီလုပ်ဆောင်ပေးကြရန် နှိုးဆော်ထားသည်။ ထို့အတူ မိဘပြည်သူတစ်ရပ်လုံးအနေဖြင့် ကမ်ပိန်း၏ ကြွေးကြော်သံများ၊ ပိုစတာများနှင့် ဆောင်းပါး များကို အွန်လိုင်းနှင့် မြေပြင်တွင် ကျယ်ကျယ်ပြန့်ပြန့် မျှဝေပေးခြင်းဖြင့် “ဘုံရန်သူဦးတည်တိုက်ရေးနှင့် ညီညွတ်ရေးဆီသို့” လှုပ်ရှားမှုကို လူထုဖိအားတစ်ရပ်အဖြစ် ဝိုင်းဝန်းပါဝင်ပေးကြရန် ဖိတ်ခေါ်ထား ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။ အဆိုပါ လှုပ်ရှားမှုကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ABFSU)၊ ကျောင်းသား တပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ Arakan League for Democracy (ALD)၊ Blood Money Campaign အပါအဝင် မြေပြင်သပိတ် ကော်မတီများ၊ တိုင်းရင်းသားလူငယ်အဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံ ကွန်ရက်အဖွဲ့အစည်းပေါင်း ၁၅၆ ဖွဲ့က သဘောတူထောက်ခံထားကြကြောင်း ပြန်ကြားရေးနှင့် မှတ်တမ်းထိန်းသိမ်းရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ Post navigation ဗိုလ်စွမ်းသူမောင်ကို ဖမ်းဆီးပြီး ယင်းမာပင်ခရိုင်စစ်ဌာနတစ်ခုလုံးအား တာဝန်မှရပ်ဆိုင်း မုံရွာတွင် တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း စီးနင်းပစ်ခတ်မှုဖြစ်ပွား၊ ပလဖအဖွဲ့ဝင်များနှင့် အရပ်သား များအပါအဝင် ၆ ဦး သေဆုံး