PSM (NEWS)

ဇွန် ၂၉၊ ၂၀၂၆

ပြင်သစ်နိုင်ငံတွင် ရက်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် စံချိန်တင် အပူလှိုင်းဖြတ်သန်းမှုအတွင်း ပုံမှန်ထက် လူပေါင်း ၁,၀၀၀ ခန့် ပိုမိုသေဆုံးခဲ့ကြောင်း ပြင်သစ်ကျန်းမာရေးတာဝန်ရှိသူများက တနင်္ဂနွေနေ့ (ဇွန် ၂၈) တွင် ပြောကြားသည်။

“ဇွန်လ ၂၄ ရက်နေ့မှစ၍ ယခင်လများက မှတ်တမ်းတင်ထားသော သေဆုံးမှုများနှင့် နှိုင်းယှဉ်ပါက ခန့်မှန်းခြေအားဖြင့် အပိုသေဆုံးမှု ၁,၀၀၀ ခန့်ကို တွေ့ရှိရသည်” ဟု ပြည်သူ့ကျန်းမာရေးပြင်သစ် အေဂျင်စီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အပူချိန်မြင့်တက်မှုအတွက် အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားသည့် ဒေသများတွင် ထိခိုက်မှု ပိုမိုပြင်းထန်ကြောင်းနှင့် သေဆုံးသူများ၏ ၈၅ ရာခိုင်နှုန်းမှာ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများဖြစ်ကြောင်း အေဂျင်စီက ဆိုသည်။

သေဆုံးမှုနှုန်း အမြင့်ဆုံး တိုးတက်လာသည့်နေရာများမှာ ပဲရစ်မြို့နှင့် ဆင်ခြေဖုံးဒေသများပါဝင်သည့် အီလီ-ဒီ-ဖရန်စ်ဒေသတွင်ဖြစ်ပြီး၊ အထူးသဖြင့် နေအိမ်များတွင် သေဆုံးသူများ ပိုမိုများပြားကြောင်း သိရသည်။

“အဆိုပါတွေ့ရှိချက်သည် မြို့ပြဒေသများအပါအဝင် တစ်ကိုယ်တည်းနေထိုင်သူများ သို့မဟုတ် အထီးကျန်ဆန်နေသူများအပေါ် စာနာထောက်ထားမှုဆိုင်ရာ စီမံချက်များ လိုအပ်နေသေးကြောင်း သတိပေးချက်တစ်ခု ဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကိန်းဂဏန်းများသည် ပဏာမအချက်အလက်များသာဖြစ်ပြီး အမှန်တကယ် သေဆုံးမှုအရေအတွက်ထက် ပိုမိုနည်းပါးနေနိုင်ကြောင်း အေဂျင်စီက သတိပေးထားသည်။

ပြင်သစ်နိုင်ငံတစ်ဝန်းတွင် အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်ထက်ကျော်လွန်ကာ ပြင်းထန်စွာပူပြင်းခဲ့သည့် ရက်များအပြီးတွင် တနင်္ဂနွေနေ့၌ အပူချိန် အနည်းငယ် ပြန်လည်ကျဆင်းလာခဲ့သည်။

ကိုးကား-CNA

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed