PSM (NEWS)

ဇွန်၂၉ ၊၂၀၂၆

အီရတ်နိုင်ငံတွင် ဝန်ကြီးချုပ် အလီ အယ်လ်ဇိုင်ဒီ၏ အမိန့်ဖြင့် ပြုလုပ်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေး စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် နိုင်ငံရေးသမားများနှင့် အဆင့်မြင့်အရာရှိကြီးအချို့ကို ဖမ်းဆီးခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

ဘဂ္ဂဒက်မြို့ရှိ လုံခြုံရေးအလွန်တင်းကျပ်သည့် “ဂရင်းဇုန်” အတွင်းရှိ နေအိမ်များကို အီရတ် အထူးတန်ပြန်အကြမ်းဖက်မှုတပ်ဖွဲ့ (Counter Terrorism Service) က ညတွင်းချင်း စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး သံသယရှိသူ အများအပြားကို ဖမ်းဆီးခဲ့ကြောင်း တရားရေးနှင့် လုံခြုံရေးသတင်းရင်းမြစ်များက ဆိုသည်။

အီရတ်နိုင်ငံပိုင်သတင်းဌာန INA က အဆင့်မြင့်အရာရှိတစ်ဦးကို ကိုးကား၍ ဖော်ပြရာတွင် လွှတ်တော်အမတ်များနှင့် အစိုးရအရာရှိများအပါအဝင် သံသယရှိသူ ၄၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မေလတွင် ရာထူးတက်လာခဲ့သော ဝန်ကြီးချုပ် အယ်လ်ဇိုင်ဒီသည် အစိုးရအဆက်ဆက် ကတိပြုခဲ့သော်လည်း အမြစ်တွယ်နေဆဲဖြစ်သည့် အဂတိလိုက်စားမှုများကို အမြစ်ဖြတ်တိုက်ဖျက်မည်ဟု ကတိပြုထားသူဖြစ်သည်။

တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သော စစ်ဆင်ရေးကို တရားရေးအာဏာပိုင်များက အဂတိလိုက်စားမှုကွန်ရက်တွင် ပါဝင်သည်ဟု သံသယရှိသူများအား ဖမ်းဝရမ်းထုတ်ပြီးနောက် ဝန်ကြီးချုပ်၏ တိုက်ရိုက်အမိန့်ဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။

INA သတင်းဌာန၏ အဆိုအရ အချို့သော ဖမ်းဆီးမှုများသည် ရေနံသန့်စင်ရေးဆိုင်ရာ ဒုတိယဝန်ကြီး အဒ်နန် အယ်လ်ဂျူမိုင်လီကို ဖမ်းဆီးစစ်ဆေးရာမှ ရရှိလာသည့် ထွက်ဆိုချက်များအပေါ် အခြေခံထားပြီး ၎င်း၏ ထွက်ဆိုချက်များအရ အဂတိလိုက်စားမှုနှင့် ပတ်သက်နေသည့် အရာရှိများ ပိုမိုကျယ်ပြန့်လာနိုင်ကြောင်း သိရသည်။

အစိုးရပြောရေးဆိုခွင့်ရှိသူ ဟိုင်ဒါ အယ်လ်အဘူဒီက ဖမ်းဆီးမှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်းနှင့် ယင်းသည် “နိုင်ငံတော်အဖွဲ့အစည်းများကို ခိုင်မာစေရန်နှင့် ပြည်သူ့ဘဏ္ဍာကို ကာကွယ်ရန်အတွက် အဂတိလိုက်စားမှုကို တိုက်ဖျက်ခြင်းသည် အစိုးရ၏ ဗဟိုချက်မဖြစ်သည်” ဟု ပြောကြားခဲ့သည်။

ဖမ်းဆီးခံရသူများထဲတွင် ရေနံဖြန့်ဖြူးရေးဆိုင်ရာ ဒုတိယဝန်ကြီး အလီ မာရစ် လည်း ပါဝင်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ ၎င်းကို မေလအတွင်းက အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီး အီရန်နှင့် အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့များအတွက် အီရတ်ရေနံများကို ခိုးထုတ်ပေးခြင်းနှင့် အီရန်ရေနံများကို အီရတ်ရေနံအဖြစ် အယောင်ဆောင်၍ စာရွက်စာတမ်းအတုများဖြင့် တင်ပို့ရာတွင် ကူညီပေးခဲ့သည်ဟု စွပ်စွဲထားသည်။

အီရတ်ရေနံဝန်ကြီးဌာနကမူ ထိုစွပ်စွဲချက်များကို ယခင်ကတည်းက ငြင်းဆိုခဲ့ပြီး ဝါရှင်တန်ဖော်ပြသည့် လုပ်ဆောင်ချက်များသည် မာရစ်၏ တာဝန်ဝတ္တရားအတွင်းတွင် မပါဝင်ကြောင်း ပြောကြားခဲ့သည်။ မာရစ်ကို တနင်္ဂနွေနေ့တွင် ဆက်သွယ်၍ မရခဲ့ပေ။

လုံခြုံရေးတပ်ဖွဲ့များ မရောက်ရှိမီ သံသယရှိသူအချို့ ထွက်ပြေးလွတ်မြောက်သွားခဲ့သဖြင့် တာဝန်ရှိသူများက ဂရင်းဇုန်၏ ဝင်ပေါက်များကို ပိတ်ဆို့ပြီး ရှာဖွေမှုများ ပိုမိုလုပ်ဆောင်နေကြောင်း၊ အဆိုပါ စစ်ဆင်ရေးကို လာမည့်ရက်များတွင်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ဖြည့်စွက်ပြောကြားသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed