PSM (NEWS)

ဇွန်၂၉ ၊၂၀၂၆

ယူဂန်ဒါသမ္မတ၏သားဖြစ်သူ စစ်ဦးစီးချုပ်သည် တနင်္ဂနွေနေ့တွင် နိုင်ငံ၏ ထိပ်တန်းမီဒီယာဌာနနှစ်ခုကို ပိတ်ပစ်ရန် အမိန့်ပေးခဲ့ပြီး “လွတ်လပ်သောသတင်းမီဒီယာကို မယုံကြည်ကြောင်း” ထုတ်ဖော်ပြောကြားလိုက်သည်။

စစ်ဦးစီးချုပ် မူဟူဇီ ကိုင်နာရူဂါဘာက ယူဂန်ဒါ၏ အကြီးဆုံး လွတ်လပ်သော သတင်းစာဖြစ်သည့် Daily Monitor နှင့် နိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိက ရုပ်သံလွှင့်ဌာနတစ်ခုဖြစ်သည့် NTV Uganda တို့ကို ၎င်း၏ ခွင့်ပြုချက်မရရှိပါက ပြန်လည်ဖွင့်လှစ်ခွင့်ရှိမည်မဟုတ်ကြောင်း ကြေညာခဲ့သည်။

“ယူဂန်ဒါမှာ လွတ်လပ်တဲ့ သတင်းမီဒီယာဆိုတာကို ကျွန်တော် မယုံကြည်ပါဘူး! သတင်းမီဒီယာတွေဟာ တော်လှန်ရေးသမားတွေရဲ့ လမ်းညွှန်မှုအောက်မှာပဲ ရှိသင့်ပါတယ်” ဟု ကိုင်နာရူဂါဘာက X (ယခင်တွစ်တာ) လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။

အဆိုပါ မီဒီယာဌာနနှစ်ခုကို ပိတ်ပစ်ရသည့် အကြောင်းရင်းကို တိတိကျကျ မဖော်ပြထားသော်လည်း အဆိုပါမီဒီယာများသည် ကင်ညာနိုင်ငံတွင် ရုံးချုပ်ရှိပြီး နိုင်ရိုဘီစတော့ရှယ်ယာဈေးကွက်တွင် စာရင်းဝင်ထားသည့် Nation Media Group (NMG) ပိုင်ဆိုင်မှုများ ဖြစ်သည်။

Daily Monitor သတင်းစာ၏ ဖော်ပြချက်အရ မြို့တော် ကမ်ပါလာရှိ NMG ၏ ရုံးချုပ်သို့ စစ်သားများ ရောက်ရှိလာပြီး ဝန်ထမ်းများကို အဝင်အထွက် ပြုလုပ်ခွင့်မပေးဘဲ ပိတ်ပင်ထားကြောင်း သိရသည်။

တနင်္ဂနွေနေ့ နံနက်ပိုင်းအထိ NTV Uganda နှင့် အခြားသော NMG ပိုင် ရုပ်သံနှင့် ရေဒီယိုဌာနများအားလုံး လွှင့်ထုတ်မှု ရပ်တန့်နေခဲ့သည်။

၁၉၈၆ ခုနှစ်ကတည်းက အာဏာရယူထားသော သမ္မတ ယိုဝယ်ရီ မူဆီဗီနီ ၏ အရိုက်အရာကို ဆက်ခံမည့်သူအဖြစ် သတ်မှတ်ခံထားရသူ ကိုင်နာရူဂါဘာသည် လူမှုကွန်ရက်ပေါ်တွင် အငြင်းပွားဖွယ်ရာ မှတ်ချက်များ ရေးသားလေ့ရှိသူဖြစ်သည်။ သူသည် အတိုက်အခံခေါင်းဆောင် ဘိုဘီ ဝိုင် ကို ခေါင်းဖြတ်သတ်မည်ဟု ခြိမ်းခြောက်ခဲ့ဖူးသူလည်း ဖြစ်သည်။

ကိုးကား-Reuters

By Htet Ko