PSM(NEWS)

မေ ၂၉၊ ၂၀၂၆

၂၀၂၁ ခုနှစ်က ပြုလုပ်ခဲ့သည့် Facebook တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ဆိုက်ဘာရာဇဝတ်မှုကျူးလွန်ခြင်းနှင့် တော်ဝင်မိသားစုအား စော်ကားခြင်းတို့အတွက် စွဲချက်တင်ခံထားရသော ထိုင်းနိုင်ငံ၏ ထင်ရှားသည့် အတိုက်အခံနိုင်ငံရေးသမားတစ်ဦးကို ရာဇဝတ်တရားရုံးက ပြန်လည်လွတ်ပေးလိုက်ကြောင်း ၎င်း၏ရှေ့နေက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

လက်ရှိအတိုက်အခံ ပြည်သူ့ပါတီ နှင့် ပူးပေါင်းဆောင်ရွက်နေသော တိုးတက်သောနိုင်ငံရေးလှုပ်ရှားမှုကို တည်ထောင်သူ အသက် ၄၇ နှစ်အရွယ် သနသော်န် ဂျွမ်ရောင်းရွမ်းကစ် သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလက ပြုလုပ်ခဲ့သည့် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ကမ်ပိန်းကို စီမံခန့်ခွဲရာတွင် အားနည်းခဲ့ပြီး ဘုရင် မဟာ ဗဇီရာလောင်ကွန်း ပိုင်ဆိုင်သော Siam Bioscience ကုမ္ပဏီကို မတရားသဖြင့် အလေးသာမှုပေးခဲ့သည်ဟု ပြောဆိုခဲ့ခြင်းအတွက် တော်ဝင်မိသားစုအား စော်ကားမှု နှင့် ဆိုက်ဘာဥပဒေများကို ချိုးဖောက်မှုတို့ဖြင့် စွဲချက်တင်ခံခဲ့ရသည်။ ၎င်းကို ၂၀၂၂ ခုနှစ်တွင် တရားဝင် စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အပြင်းထန်ဆုံး တော်ဝင်မိသားစုအား စော်ကားမှုဆိုင်ရာ ဥပဒေများရှိပြီး ပြစ်ဒဏ်ထင်ရှားပါက အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်။ ဆိုက်ဘာရာဇဝတ်မှုဆိုင်ရာ ဥပဒေချိုးဖောက်မှုများအတွက်လည်း ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်သည်။

သနသော်န်၏ ရှေ့နေ ကရစ်ဆာဒန် နွတ်ချာရတ်က တရားလိုဘက်မှ ဤစီရင်ချက်ကို အယူခံဝင်ရန် ရက်ပေါင်း ၃၀ အချိန်ရသေးကြောင်း ပြောကြားခဲ့သည်။ အထွေထွေရှေ့နေချုပ်ရုံးကမူ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပေ။

သနသော်န်သည် ၎င်း၏ အနာဂတ်တိုးတက်ရေးပါတီ (Future Forward Party) သို့ ထုတ်ပေးခဲ့သော ချေးငွေနှင့် ပတ်သက်ပြီး ၂၀၂၀ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ၎င်းအား နိုင်ငံရေးလုပ်ဆောင်ခွင့် ၁၀ နှစ် ပိတ်ပင်ခဲ့သည်။

ကိုးကား -Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *