PSM (NEWS)

မေလ ၂၉၊ ၂၀၂၆

ဖိလစ်ပိုင်နှင့် ဂျပန်နိုင်ငံတို့သည် ပင်လယ်ပြင်လုံခြုံရေးကို အားကောင်းလာစေရန်နှင့် မိမိတို့၏ပင်လယ်ပြင်များသည် အင်အားသုံး၍ အုပ်ချုပ်ခြင်းမဟုတ်ဘဲ စည်းမျဉ်းစည်းကမ်းများဖြင့်သာ လည်ပတ်နေစေရန် အလေးအနက်ထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် က ကြာသပတေးနေ့တွင် တိုကျိုမြို့၌ ပြုလုပ်သည့် ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။

အဆိုပါ နှစ်နိုင်ငံသည် တရုတ်နိုင်ငံ၏ ပင်လယ်ပြင်နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ တောင်းဆိုချက်များနှင့် ပတ်သက်၍ အမြင်ချင်းတူညီမှုရှိနေသဖြင့် မဟာဗျူဟာအရ ပိုမိုရင်းနှီးလာခဲ့သည်။ ဂျပန်နိုင်ငံသည် ဖိလစ်ပိုင်အား ကမ်းရိုးတန်းစောင့်တပ်သင်္ဘောများနှင့် ရေဒါစနစ်များကို ပံ့ပိုးပေးလျက်ရှိပြီး၊ နှစ်နိုင်ငံတပ်ဖွဲ့များအား အပြန်အလှန်စေလွှတ်နိုင်သည့် သဘောတူစာချုပ်ကိုလည်း လက်မှတ်ရေးထိုးထားသည်။

ထို့အပြင် ဂျပန်နိုင်ငံသည် ၎င်းတို့၏ Abukumaအမျိုးအစား စစ်သင်္ဘောများကို ဖိလစ်ပိုင်ထံသို့ အမြန်ဆုံး လွှဲပြောင်းပေးနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအိဇူမိကယခုလအစောပိုင်းတွင် ပြောကြားထားသည်။

ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ နှင့် သမ္မတ ဖာဒီနန် မားကို့စ်တို့သည် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ဆွေးနွေးသွားရန်ရှိသည်။ နှစ်နိုင်ငံလုံးသည် အင်အားသုံး၍ ဖိအားပေးသည့် လုပ်ရပ်များနှင့် ပတ်သက်၍ အခက်အခဲများကို ကြုံတွေ့နေရသဖြင့် အဆိုပါပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးကြောင်း သမ္မတက ထပ်လောင်းပြောကြားခဲ့သည်။

ယခုနှစ်အတွင်းတွင် ဂျပန်နိုင်ငံသည် အမေရိကန်နှင့် ဖိလစ်ပိုင်တို့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော စစ်ရေးလေ့ကျင့်မှုများတွင် ပထမဆုံးအကြိမ်အဖြစ် ပါဝင်ခဲ့သည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများသည် ဒေသတွင်းလုံခြုံရေးနှင့် ပင်လယ်ပြင်ပွင့်လင်းလုံခြုံရေးအတွက် အဓိကကျသော ခြေလှမ်းများဖြစ်ကြောင်း သုံးသပ်ထားသည်။

ကိုးကား-CNA

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *