(မေလ ၃၀ ရက်မှ စတင်မည့် အာဏာလုစစ်ခေါင်းဆောင်၏ ၅ ရက်ကြာ အိန္ဒိယခရီးစဉ်အတွင်း ဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံရန်ရှိနေ)

မောင်မောင်ကဲ/PSM(News)

မေ ၂၉၊ ၂၀၂၆

အာဏာလုသမ္မတ ဦးမင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံသို့ သွားရောက်မည့် ၅ ရက်ကြာ တရားဝင်ခရီးစဉ်နှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်က အိန္ဒိယအစိုးရထံ ကန့်ကွက်သဝဏ်လွှာ ပေးပို့ထားပြီး အိန္ဒိယရောက် မြန်မာနိုင်ငံသားများကလည်း နယူးဒေလီမြို့ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြရန် ပြင်ဆင်နေကြောင်း သိရသည်။

အာဏာလုသမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နရန်ဒရာ မိုဒီ (Narendra Modi) ၏ ဖိတ်ကြားချက်အရ လာမည့် မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်နေ့အထိ အိန္ဒိယနိုင်ငံသို့ ၅ ရက်ကြာ တရားဝင်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယခုခရီးစဉ်သည် စစ်ခေါင်းဆောင်မင်းအောင်လှိုင်အတွက် အာဏာလုသမ္မတ ရာထူးတာဝန်ကို ရယူပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်သည့် ခရီးစဉ်လည်း ဖြစ်သည်။

သို့ရာတွင် အာဏာလုစစ်အုပ်စုခေါင်းဆောင်၏ အဆိုပါ အိန္ဒိယနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြီးခဲ့သည့် မေလ ၂၇ ရက်စွဲဖြင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးထံသို့ တရားဝင် ကန့်ကွက်သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ကြောင်း သိရသည်။

ထို့ပြင် အာဏာလုသမ္မတ၏ ၅ ရက်ကြာ အိန္ဒိယခရီးစဉ်ကို ဆန့်ကျင်သည့်အနေဖြင့် “Burma House-New Delhi” က ဦးဆောင်၍ အိန္ဒိယရောက် မြန်မာနိုင်ငံသားများက နယူးဒေလီမြို့ရှိ မြန်မာသံရုံးရှေ့တွင် လာမည့် မေလ ၃၀ ရက်နေ့၌ ကန့်ကွက်ဆန္ဒပြပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း အိန္ဒိယရောက်မြန်မာ အသိုင်းအဝန်းထံမှ သိရသည်။

အာဏာလုသမ္မတဦးမင်းအောင်လှိုင်သည် မူလက ဇွန်လ ၁ ရက်နေ့တွင် ကျင်းပရန် လျာထားခဲ့သည့် “International Big Cat Alliance Summit” သို့ တက်ရောက်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သော်လည်း အစည်းအဝေးကျင်းပမည့် ရက်ကို ရွှေ့ဆိုင်းခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

ထို့ကြောင့် အာဏာလုသမ္မတဦးမင်းအောာင်လှိုင်သည် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ တရားဝင်ခရီးစဉ်အဖြစ်ဟု ပြောင်းလဲကာ သွားရောက်ခြင်းဖြစ်ပြီး ၎င်းနှင့်အတူ အာဏာလုအစိုးရ ပြည်ထောင်စုဝန်ကြီးအချို့နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်ပါသွားမည် ဖြစ်သည်။

ရွေးတုသမ္မတ၏ ခရီးစဉ်အတွင်း ဇွန် ၁ ရက်နေ့တွင် မြို့တော်နယူးဒေလီ၌ အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ပြီး စီးပွားရေးဖိုရမ်တစ်ခုသို့လည်း တက်ရောက်ရန် ရှိနေသည်။

ထို့ပြင် ခရီးစဉ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် မေလ ၃၀ ရက်နေ့တွင် ဗုဒ္ဓဂါယာ သို့လည်းကောင်း၊ ဇွန်လ ၂ ရက်နေ့တွင် မွန်ဘိုင်း မြို့သို့လည်းကောင်း သွားရောက်ကာ စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍ ဆိုင်ရာများ တွေ့ဆုံဆွေးနွေးခြင်း၊ လေ့လာရေးခရီးစဉ်များ သွားရောက်ခြင်းတို့ကို လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *