(ပြစ်မှုမရှိသည့် SRF ရဲဘော်များကို ပြန်လွှတ်မည်ဖြစ်ပြီး အမှုဖွင့်ခံရသူများအား NUG ဥပဒေဘောင် အတွင်းမှ ဖြေရှင်းသွားမည်)

PSM(News)

မေ ၂၉ ၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်း ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) နှင့် မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ၊ ပကဖ) တို့အကြား ဖြစ်ပွားခဲ့သည့် တင်းမာမှုများနှင့် ပတ်သက်၍ နှစ်ဦးနှစ်ဖက် မြေပြင်၌ တွေ့ဆုံညှိနှိုင်းခဲ့ကြပြီး တော်လှန်ရေးညီညွတ်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏အောက်တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီချက် ရရှိသွားပြီ ဖြစ်ကြောင်း ယနေ့ မေ ၂၉ ရက် တွင် ပူးတွဲသဘောထား ထုတ်ပြန်သည်။

မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကလေးခရိုင်တပ်ရင်းများမှ တာဝန်ရှိသူများနှင့် SRF မှ ဥက္ကဋ္ဌ ကိုစံတင်ထွန်း အပါအဝင် ဒုခေါင်းဆောင်၊ နိုင်ငံရေးဌာန တာဝန်ခံတို့သည် ယမန်နေ့ မေ ၂၈ ရက်နေ့ ညနေ ၆ နာရီ ၂၀ မိနစ်က မြို့နယ်အတွင်းရှိ မြေပြင် တစ်နေရာတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် အချက် ၃ ချက်ကို သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ သဘောတူညီချက်များတွင် မင်းကင်းမြို့နယ်အဖွဲ့များမှ လက်ရှိဖမ်းဆီးထိန်းသိမ်းထားသော SRF ရဲဘော်များအနက် ပြစ်မှုကျူးလွန်ခြင်းမရှိသည့် ရဲဘော်များကို ပြန်လည်လွှတ်ပေးရန်၊ အမှုဖွင့်တိုင်ကြားခြင်းခံထားရသည့် SRF တပ်တော်မှ ရဲဘော်များအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဥပဒေဘောင်အတွင်းမှသာ ဖြေရှင်းသွားရန်နှင့် ပြစ်မှုကျူးလွန်ထားခြင်းမရှိသော SRF ရဲဘော်များအနေဖြင့် NUG အစိုးရ၏ စစ်ဘက်ဆိုင်ရာ အမိန့်နာခံမှုစနစ် (COC) အောက်တွင် ဝင်ရောက်၍ တော်လှန်ရေးကို ဆက်လက်လုပ်ကိုင်သွားရန် တို့ဖြစ်သည်။

ယခုဆောင်ရွက်မှုသည် SRF တပ်တော်အား ဖြိုခွင်းခြင်းမဟုတ်ဘဲ ပြည်သူများက အမှုဖွင့် တိုင်ကြား ထားသည့် အမှုများအရ ကျူးလွန်သူများကို ဥပဒေအတိုင်း ဆောင်ရွက်ကြခြင်းသာ ဖြစ်ကြောင်း ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် တော်လှန်ရေးအဖွဲ့အစည်းနှစ်ခုအကြား ပြဿနာများ ပိုမိုကြီးထွားစေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်ရေးသား ထုတ်ပြန်နေကြသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၏ ရေးသားဖြန့်ဝေခြင်း များသည် မိမိတို့အဖွဲ့အစည်းနှစ်ခု၏ အာဘော်မဟုတ်ဘဲ ၎င်းတို့၏ ထင်မြင်ယူဆချက်များသာ ဖြစ်ကြောင်း၊ မိမိတို့နှစ်ဖက် တော်လှန်ရေးအဖွဲ့အစည်းများနှင့် တော်လှန်ရေးတစ်စုံလုံး၏ ညီညွတ်မှုကို ရှေးရှု၍ ညီညွတ်ရေးပြိုကွဲစေမည့် ထုတ်ပြန်ချက်များနှင့် အရေးအသားများ ဆက်လက်ထုတ်ပြန်ခြင်း မပြုရန် လေးနက်စွာ မေတ္တာရပ်ခံထားသည်။

ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) နှင့် မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား နိုင်ငံတော်အစိုးရအနေဖြင့် အသိအမှတ်ပြု လက်ခံ ထားပြီး ဖြစ်ကာ မင်းကင်းမြို့နယ်အတွင်းရှိ တော်လှန်ရေးလုပ်ငန်းများတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်း ပူးတွဲကြေညာထားသည်။

ဓာတ်ပုံ-SRF

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *