PSM(News)

ဇွန် ၂၊ ၂၀၂၆

ကချင်ပြည်နယ်အတွင်း လျှော့ပါးသွားသည့် စစ်ရေးအင်အားနှင့် အရင်းအမြစ်များကို ပြန်လည်ဖြည့်တင်းရန်အတွက် စစ်အုပ်စုသည် အရပ်သားကုန်တင်ကားများကို လူသားဒိုင်းအဖြစ် ၎င်းတို့ယာဉ်တန်းအတွင်း ကြားညှပ်ကာ မန္တလေးနှင့် ကသာမြို့တို့မှတစ်ဆင့် မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) သို့ စစ်ကားအစီးရေ ၂၀၀ ခန့် ထပ်မံပို့ဆောင်လိုက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထံမှ သိရသည်။

အဆိုပါ ကားအစီးရေ ၂၀၀ ဝန်းကျင်ပါဝင်သည့် စစ်အုပ်စု၏ စစ်ယာဉ်တန်းသည် မေလ ၃၁ ရက်နေ့တွင် မြစ်ကြီးနား မပခ တိုင်းစစ်ဌာနချုပ်အတွင်းသို့ ဝင်ရောက်သွားခြင်းဖြစ်သည်။

အဆိုပါ စစ်ယာဉ်တန်းသည် လမ်းခရီးတလျှောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ဖြတ်တောက်တိုက်ခိုက်ခြင်းကို ရှောင်ရှားရန်အတွက် အရပ်သား ကုန်တင်ကားများကို အဓမ္မချောဆွဲကာ ၎င်းတို့နှင့်အတူ ရောနှောမောင်းနှင်စေခဲ့ခြင်းဖြစ်ကြောင်း KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူထံမှ သိရသည်။

“အဲဒီယာဉ်တန်းတွေက အားလုံး စစ်တပ်ရဲ့ယာဉ်တန်းတွေ ဟုတ်သလားဆိုတော့ စထွက်လာတဲ့အချိန်မှာတော့ ပြည်သူလူထု ကုန်တင်ကားတွေနဲ့ ရောပြီးမှ တက်လာတယ်ဆိုတဲ့ သတင်းတွေ ကျွန်တော်တို့ ကြားသိရပါတယ်။ ဒါကြောင့် အခု မြစ်ကြီးနား ရောက်တဲ့အချိန်မှာလည်း ပြည်သူလူထုရဲ့ ကုန်ကားနဲ့ စစ်တပ်ရဲ့ကားတွေ ရောနှောရောက်လာတာပေါ့။ ဒါကို သေချာခွဲခြားဖို့ လိုပါတယ်။ အခုထက်ထိတော့ စစ်တပ်ထဲမှာပဲ ရောက်နေတယ်ဆိုတာ ကြားရပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက PSM ကိုပြောသည်။

စစ်အုပ်စုသည် ၎င်းတို့ပိုင် မီဒီယာများမှတစ်ဆင့် မန္တလေး – မြစ်ကြီးနား လမ်းပိုင်းကို ပြန်လည်စိုးမိုးနိုင်ပြီဖြစ်သဖြင့် ကချင်ပြည်နယ်အတွင်းရှိ ကျောင်းသားလူငယ်များအတွက် ကျောင်းသုံးစာအုပ်များနှင့် ဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းသုံး ပစ္စည်းများကို ပို့ဆောင်ခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် မေ ၃၁ ရက်နေ့က သတင်းထုတ်ပြန်ကာ ဝါဒဖြန့်ထားသည်။

သို့သော် အဆိုပါ ယာဉ်တန်းကြီးတွင် စစ်ရဟတ်ယာဉ်နှင့် တိုက်လေယာဉ်သုံး လေယာဉ်ဆီများ၊ လက်နက်ခဲယမ်းများ၊ စစ်တပ်သုံး ရိက္ခာများပါဝင်ပြီး ကျောင်းသုံးစာအုပ် အနည်းငယ်ကိုသာ ဝါဒဖြန့်ရန် ဟန်ပြတင်ဆောင်လာခြင်းဖြစ်ကြောင်း ကချင်ပြည်နယ်ရှိ စစ်ရေးအရင်းအမြစ်များ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် အာဏာလုသမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရသည် ‘ရက် ၁၀၀ စီမံချက်’ ဟု အမည်ပေးထားသည့် စစ်ဆင်ရေးများဖော်ဆောင်၍ ၎င်းတို့ လက်လွှတ် ဆုံးရှုံးထားရသည့် နယ်မြေများကို ပြန်လည်ရရှိရန် ထိုးစစ်ဆင်ရန် ပြင်ဆင်နေလျက်ရှိသည်။

စစ်အုပ်စုအနေဖြင့် ကချင်ပြည်နယ်အတွင်း ၎င်းတို့အတွက် အဓိက ဝင်ငွေရရှိနေသည့် မြေရှားသတ္တုနှင့် အဖိုးတန်သတ္တုထွက်ရာ ဒေသများကို လက်လွှတ်ထားရသဖြင့် အဆိုပါ မြို့နယ်များကို ပြန်လည်သိမ်းပိုက်နိုင်ရန် လက်နက်ခဲယမ်းနှင့် စစ်အင်အားများကို အလုံးအရင်းဖြင့် အသည်းအသန် ဖြည့်တင်းနေခြင်း ဖြစ်သည်။

‎“ကချင်ပြည်နယ်ဘက်မှာ စစ်ရေးအခြေအနေကတော့ သူတို့ရဲ့ ရက်ပေါင်း ၁၀၀ စီမံကိန်းထဲမှာလည်း မြို့နယ် ငါး ခုကို သူတို့ပြန်ပြီးမှ ထိန်းချုပ်ဖို့ တိုက်ပွဲဖော်ဆောင်မယ်ဆိုတဲ့ ကြေညာချက်လည်း လုပ်ထားတယ်ဆိုတော့ ကျွန်တော်တို့အနေနဲ့ကတော့ သူတို့ရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

ထိုသို့ ထိုးစစ်ဆင်မည့် ဒေသများတွင် ကချင်ပြည်နယ်အတွင်းရှိ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ချီဖွေ၊ ဆော့လော် နှင့် ရွှေကူ စသည့် မြို့နယ် ငါး ခု ပါဝင်နေကြောင်း သိရသည်။

“ပြည်သူလူထုအနေနဲ့လည်း စစ်ရေးအခြေအနေတွေ၊ သတင်းတွေကို အမြဲတမ်းနားထောင်၊ နားစွင့်ဖို့ကတော့ အရေးကြီးတဲ့ အချိန်ကာလ ရောက်ပြီလို့ ကျွန်တော် အဲဒီလိုပဲ ပြောလိုပါတယ်” ဟု ကချင်ပြည်‎နယ်တွင် တိုက်ပွဲများ ပိုမိုကျယ်ပြန့်လာနိုင်‎ကြောင်းကို ဗိုလ်မှူးကြီးနော်ဘူက အသိပေးပြောကြားသည်။

စစ်အုပ်စုသည် ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့ကလည်း မန္တလေး – မြစ်ကြီးနား လမ်းပိုင်းကို အသုံးပြုပြီး သံချပ်ကာယာဉ်များ အပါအဝင် စစ်ကားအစီးရေ ၄၀၀ ခန့်ပါဝင်သည့် ကြီးမားသော ယာဉ်တန်းကြီးဖြင့် စစ်အင်အားနှင့် လက်နက်ခဲယမ်းများကို ကချင်ပြည်နယ်အတွင်းသို့ ပို့ဆောင်ထားသည်။

ဓာတ်ပုံ-စစ်အုပ်စု

ပုံစာ-မြစ်ကြီးနားသို့ရောက်ရှိလာသည့် စစ်အုပ်စု ယာဉ်တန်းကို တွေ့ရစဉ်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *