PSM(NEWS) မေ ၂၉၊၂၀၂၆ တရုတ်နိုင်ငံ၏ ဒေသတွင်း သြဇာလွှမ်းမိုးမှု တိုးချဲ့လာမှုကို ဟန့်တားရန်အတွက် တောင်ကိုရီးယားကို “ဓားမြောင်” (dagger) ဟုလည်းကောင်း၊ ဂျပန်ကို “ဒိုင်းလွှား” (shield) ဟုလည်းကောင်း တင်စားပြောဆိုခဲ့သည့် ကိုရီးယားဆိုင်ရာ အမေရိကန်တပ်ဖွဲ့ (USFK) ၏ တပ်မှူးကို တရုတ်နိုင်ငံက ပြင်းထန်စွာ ဝေဖန်လိုက်သည်။ မေလ ၂၂ ရက်နေ့က အမေရိကန်စစ်တပ် စစ်ကောလိပ် (US Army War College) ၏ podcastအင်တာဗျူးတွင် ကိုရီးယားဆိုင်ရာ အမေရိကန်တပ်ဖွဲ့ တပ်မှူး ဇေဗီယာ ဘရန်းဆန်က တရုတ်နိုင်ငံ၏ အရှေ့ဘက်ကမ်းခြေမှ ကြည့်မည်ဆိုပါက တောင်ကိုရီးယားသည် “အာရှ၏ နှလုံးသားကို ထိုးစိုက်ထားသည့် ဓားမြောင်” ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ဂျပန်နိုင်ငံကိုလည်း တရုတ်၏ ရည်မှန်းချက်များအတွက် “ဒိုင်းလွှား” တစ်ခုအဖြစ် ၎င်းက တင်စားပြောဆိုခဲ့သည်။ ယင်းပြောဆိုချက်များနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ တောင်ကိုရီးယားဆိုင်ရာ သံရုံးက ကြာသပတေးနေ့တွင် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး တပ်မှူး ဘရန်းဆန်၏ ပြောဆိုမှုများသည် နယ်ပယ်ကျော်လွန်နေကြောင်း “လေးလေးနက်နက် သတိပေး” လိုက်သည်။ “တရုတ်နိုင်ငံအပေါ် သင်တို့ရဲ့ ရန်လိုပြီး ပြင်းထန်တဲ့ မှတ်ချက်စကားတွေကို ဝါရှင်တန်က ခွင့်ပြုပေးလိုက်တာလား၊ ဒါမှမဟုတ် တရုတ်နဲ့ အမေရိကန် ခေါင်းဆောင်တွေ ဘေဂျင်းမြို့မှာ သဘောတူညီခဲ့တဲ့ ကိစ္စရပ်တွေကို စိန်ခေါ်ချင်တာလား” ဟု တရုတ်သံရုံး ကိုယ်စားလှယ်က မေးခွန်းထုတ်ခဲ့သည်။ ထို့အပြင် “သင်ဟာ အိမ်ရှင်နိုင်ငံကို ‘လေယာဉ်တင်သင်္ဘော’ ဒါမှမဟုတ် ‘ဓားမြောင်’ လို့ ခေါ်ဆိုနေတာဟာ သင်တို့ရဲ့ စစ်မက်လိုလားမှုကို ပြသနေတာလား၊ ဒါမှမဟုတ် တခြားနိုင်ငံတွေကို အရုပ်တွေလို အသုံးချဖို့ ကြိုးစားနေတာလား” ဟုလည်း ထည့်သွင်း ဝေဖန်သွားသည်။ အဆိုပါ ဖြစ်စဉ်သည် အမေရိကန်အနေဖြင့် တောင်ကိုရီးယားရှိ ၎င်းတို့၏ စစ်စခန်းကို အခြေပြု၍ အင်ဒို-ပစိဖိတ်ဒေသတစ်ခွင်တွင် စစ်ရေးအရ တည်ရှိမှုကို ပိုမိုတိုးမြှင့်ရန် ကြိုးပမ်းနေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး၊ ဘေဂျင်းဘက်မှမူ ယင်းသည် ၎င်းတို့အား ဝိုင်းရံပိတ်ဆို့ရန် ကြိုးပမ်းမှုတစ်ခုအဖြစ် ရှုမြင်လျက်ရှိသည်။ ကိုးကား-SCMP Post navigation တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် တင်သွင်းမှုခွဲတမ်းနှင့် အခွန်အခများကို ဥရောပသမဂ္ဂ တိုးမြှင့်ကောက်ခံမည်ဟု အီးယူစက်မှုလုပ်ငန်းဆိုင်ရာ အကြီးအကဲ ပြောကြား