PSM(NEWS)

ဧပြီ ၂၉၊၂၀၂၆

မက္ကဆီကို အထူးတပ်ဖွဲ့များသည် သြဇာအာဏာကြီးမားလှသော Jalisco New Generation Cartel (CJNG) လက်နက်ကိုင်ဂိုဏ်း၏ ထိပ်တန်းတပ်မှူးတစ်ဦးဖြစ်သူ အော်ဒီယပ်စ် ဖလောရက်စ် (ခေါ်) အယ်လ်ဟာဒီနဲရိုးကိုနိုင်ငံအနောက်ပိုင်း နေယာရစ်ပြည်နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်းလုံခြုံရေးဝန်ကြီး အိုမာ ဂါစီယာ ဟာဖုရှ် က တနင်္လာနေ့တွင်ထုတ်ဖော်ပြောကြားခဲ့သည်။

မက္ကဆီကို ရေတပ်က ဦးဆောင်သည့် ဤစစ်ဆင်ရေးကို ၁၉ လကြာ စောင့်ကြည့်ထောက်လှမ်းပြီးနောက် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

လူကြိုက်များသော အပန်းဖြေမြို့ ပေါ်တို ဗယားတား ၏ မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာရှိ တောတွင်းအိမ်တစ်လုံးတွင် အော်ဒီယပ်စ် ဖလောရက်စ် ကို လုံခြုံရေးတပ်ဖွဲ့များက ဝိုင်းရံပိတ်ဆို့ခဲ့သည်။ ၎င်းအား လက်နက်ကိုင် ၆၀ ကျော်နှင့် မော်တော်ယာဉ် အစီး ၃၀ ခန့်ဖြင့် ကာကွယ်ထားသော်လည်း အထူးတပ်ဖွဲ့များက သေနတ်တစ်ချက်မျှ ပစ်ခတ်စရာမလိုဘဲ တိကျစွာ ဖမ်းဆီးနိုင်ခဲ့သည်။

ပုန်းအောင်းနေပုံ: ၎င်း၏ ကိုယ်ရံတော်များက အာရုံလွှဲရန် ကြိုးပမ်းနေစဉ်အတွင်း အော်ဒီယပ်စ် ဖလောရက်စ် သည် ရေနုတ်မြောင်းတစ်ခုအတွင်း ပုန်းအောင်းနေခဲ့သော်လည်း ရေတပ်တပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဤစစ်ဆင်ရေးတွင် အမေရိကန် အာဏာပိုင်များထံမှ ဝေဟင်စောင့်ကြည့်ရေး အပါအဝင် ထောက်လှမ်းရေးသတင်း အချက်အလက်များကို ရယူခဲ့သည်။ ထို့အပြင် အမေရိကန် ထောက်လှမ်းရေး အကူအညီများကိုလည်း အသုံးပြုခဲ့သည်ဟု သိရသည်။

အော်ဒီယပ်စ် ဖလောရက်စ် သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက အသတ်ခံခဲ့ရသော ဂိုဏ်းချုပ်ကြီး နီမက်စီယို အိုစီဂွဲရား (ခေါ်) “အယ်လ် မင်ချို” ၏ အရိုက်အရာကို ဆက်ခံမည့်သူအဖြစ် ထိပ်ဆုံးမှ ပြေးနေသူဖြစ်သည်။ ၎င်းသည် မက္ကဆီကို ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် ဓာတ်ခွဲခန်းများနှင့် အမေရိကန်သို့ တင်ပို့သည့် လမ်းကြောင်းများကို အဓိက ထိန်းချုပ်ထားသူလည်း ဖြစ်သည်။

အမေရိကန် အာဏာပိုင်များက ၎င်းအား ဖမ်းဆီးပေးနိုင်ပါက ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၅ သန်း ပေးမည်ဟု ကြေညာထားပြီး လက်ရှိတွင် အမေရိကန်သို့ လွှဲပြောင်းပေးရန်တောင်းဆိုထားသည်။

ဤဖမ်းဆီးမှုသည် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် ၏ ဖိအားပေးမှုများ ရှိနေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ သမ္မတ ဒေါ်နယ် ထရမ့် သည် မက္ကဆီကိုအစိုးရအနေဖြင့် မူးယစ်ဂိုဏ်းများကို နှိမ်နင်းရာတွင် ထိရောက်မှုမရှိပါက စစ်ရေးအရ အရေးယူမည်ဟု ခြိမ်းခြောက်ထားသည့်အပြင် ကုန်သွယ်ရေး အခွန်အတုပ်များဖြင့်လည်း ဖိအားပေးလျက်ရှိသည်။

ထို့အပြင် မက္ကဆီကိုနိုင်ငံသည် ယခုနှစ် နွေရာသီတွင် အမေရိကန်၊ ကနေဒါတို့နှင့်အတူ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရမည်ဖြစ်သဖြင့် လုံခြုံရေး အခြေအနေကို အထူးတင်းကျပ်ထားသည်။

ကိုးကား -Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *