PSM(NEWS)

ဧပြီ ၂၈၊၂၀၂၆

တောင်ဆူဒန်နိုင်ငံ မြို့တော် ဂျူဘာ ၏ အနောက်တောင်ဘက်တွင် တနင်္လာနေ့က လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါရှိသူ ၁၄ ဦးစလုံး သေဆုံးသွားခဲ့ကြောင်း ထိုနိုင်ငံ၏ မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

CityLink Aviation လေကြောင်းလိုင်းမှ ပြေးဆွဲသည့် Cessna 208 Caravan အမျိုးအစား လေယာဉ်သည် ရေး (Yei) မြို့မှ ဂျူဘာအပြည်ပြည်ဆိုင်ရာလေဆိပ် (Juba International Airport) သို့ ပျံသန်းစဉ် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လေယာဉ်သည် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၁၅ မိနစ်တွင် စတင်ထွက်ခွာခဲ့ပြီး ၉ နာရီ ၄၃ မိနစ်တွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။

လေယာဉ်ပေါ်တွင် ခရီးသည် ၁၃ ဦးနှင့် လေယာဉ်မှူး တစ်ဦး ပါဝင်ပြီး ၎င်းတို့အနက် ၁၂ ဦးမှာ တောင်ဆူဒန်နိုင်ငံသားများဖြစ်ကာ ကျန် ၂ ဦးမှာ ကင်ညာနိုင်ငံသားများ ဖြစ်ကြသည်။

ကနဦးသတင်းများအရ လေယာဉ်သည် ရာသီဥတုဆိုးရွားမှု၊ အထူးသဖြင့် မြင်ကွင်းမကြည်လင်မှုကြောင့် ပျက်ကျခဲ့ခြင်း ဖြစ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုအခါ တောင်ဆူဒန်ကြက်ခြေနီအဖွဲ့ဝင်များသည် ဂျူဘာမြို့အနီးရှိ လေယာဉ်ပျက်ကျရာနေရာတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ကိုးကား-Reuters

By Htet Ko

You missed