PSM(News)

ဧပြီ ၂၉၊ ၂၀၂၆

ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် အာဏာလုစစ်အုပ်စုက ပေါ်တာဆွဲရန် လူငယ်များကို လိုက်လံပစ်ခတ်စဉ် ရေချိုးနေသည့် အသက် (၇) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ရသည့်အပြင် ရဲစခန်းကလည်း အမှုဖွင့်ပေးရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဧပြီ ၂၈ ရက် နံနက်ပိုင်းက ဖြူးမြို့၊ ဖြူးချောင်းတံတားအဆင်း ဝဲဒေါင့်အလယ်ရွာ၌ စစ်အုပ်စုက ပေါ်တာဆွဲရန်အတွက် လူငယ်နှစ်ဦးကို ရပ်တန့်ခိုင်းရာ မရပ်သဖြင့် သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့သည်။ ထိုသို့ ပစ်ခတ်စဉ် ရေချိုးနေသည့် အသက် ၇ နှစ်အရွယ် မပြည့်ပြည့်ဝင်းအား ကျည်ထိမှန်ခဲ့သည်။

ကျည်ထိမှန်သွားသည့် ကလေးငယ်ကို မိသားစုဝင်များက ဘေးတွဲဆိုင်ကယ်ဖြင့် ဖြူးဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့သော်လည်း ရရှိထားသော ဒဏ်ရာမှာ ပြင်းထန်လွန်းသဖြင့်ဆေးရုံ၌ပင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူ ကလေးငယ် မပြည့်ပြည့်ဝင်းသည် ကိုနေဝင်းနှင့် မရှူပါတို့၏ သားသမီး လေး ဦးအနက် တတိယမြောက်သမီး ဖြစ်ကြောင်း သိရသည်။

ကလေးငယ် သေဆုံးမှုအတွက် မိသားစုဝင်များက ဖြူးရဲစခန်းသို့ သွားရောက်တိုင်ကြားရာတွင် စခန်းမှူးကိုယ်တိုင်က “ပေါ်တာဆွဲသည့်အဖွဲ့များကို အမှုဖွင့်တိုင်ကြား၍မရကြောင်း” ပြောဆိုကာ အမှုဖွင့်ပေးရန် ငြင်းဆန်ခဲ့သည်။

လက်ရှိတွင် ဖြူးမြို့၌ ပေါ်တာဆွဲသည့်အဖွဲ့များသည် လူငယ်များကို ဖမ်းဆီးကာ ငွေကျပ် သိန်း ၅၀ မှ ၁၀၀ တောင်း၍ ငွေညှစ်နေသည့်အပြင် ယခုအခါ အပြစ်မဲ့ကလေးငယ်ကိုပါ သတ်ဖြတ်သည် အထိ ကျူးလွန်လာခြင်းဖြစ်သည်။

ဖြူးမြို့သည် ပေါ်တာဆွဲမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဒေသခံများ အလွန်စိုးရိမ် ထိတ်လန့်နေရသည့် အန္တရာယ်ရှိသော မြို့တစ်မြို့ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပုံစာ- ကျည်ထိမှန် သေဆုံးခဲ့ရသူ ကလေးငယ်ကို ဖော်ပြရန် မသင့်၍ စတစ်ကာအုပ်ထားပါသည်)

By Htet Ko

You missed