PSM(News)

ဧပြီ ၂၉၊ ၂၀၂၆

ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေချိန်တွင် မြဝတီမြို့အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ လက်နက်ကိုင်ဆောင် သွားလာခြင်းအပေါ် စစ်အုပ်စုက ကန့်သတ်ချုပ်ချယ် မှုများ စတင်ပြုလုပ်လာကြောင်း သိရသည်။

ကရင်ပြည်နယ်ရှိ မြဝတီမြို့စောင့်တပ် ခလရ-၂၇၅ တပ်ရင်း၌ ပြီးခဲ့သည့် ဧပြီ ၂၃ ရက်က စစ်အုပ်စုနှင့် လက်နက်ကိုင်အဖွဲ့အစည်းအချို့ တွေ့ဆုံခဲ့ပြီး အချက် (၈) ချက်ပါဝင်သော စည်းကမ်းကန့်သတ် ချက်များကို ချမှတ်ခဲ့သည်။

အဆိုပါကန့်သတ်ချက်များတွင် တပ်ဖွဲ့ဝင်များ ယူနီဖောင်းဝတ်ဆင်ရာ၌ စနစ်တကျရှိစေရန်နှင့် “ဖားတစ်ပိုင်း ငါးတစ်ပိုင်း” ဝတ်ဆင်ခြင်း မပြုရန်၊ မြို့ပေါ်ရပ်ကွက်များအတွင်း မလိုအပ်ဘဲ လက်နက်ကို င်ဆောင်ခြင်း မပြုရန်နှင့် သက်ဆိုင်ရာ တပ်ရင်း/ရုံးများ၌သာ အပ်နှံထားရန်၊ အဖွဲ့အစည်းများ ပိုင်ဆိုင်သည့် စားသောက်ဆိုင်နှင့် KTV များတွင် ယူနီဖောင်းဝတ်ဆင်ခြင်း၊ လက်နက်ကိုင်ဆောင်ခြင်းနှင့် လုံခြုံရေးချထားခြင်းတို့ကို တင်းကျပ်စွာ တားမြစ်ရန်၊ ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင်ဆောင်ထား သည်ကို တွေ့ရှိပါက အမှုဖွင့်အရေးယူရန် စသည်တို့ ပါဝင်သည်။

အဆိုပါတွေ့ဆုံပွဲတွင် ကရင်အမျိုးသားများ၏ အကြီးဆုံးနှင့် ဩဇာအရှိဆုံးအဖွဲ့ဖြစ်သည့် ကရင် အမျိုးသား အစည်းအရုံး (KNU) ပါဝင်ခြင်း မရှိပေ။

ပြီးခဲ့သည့် ဧပြီ ၈ ရက်ကလည်း စစ်အုပ်စုနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော လက်နက်ကိုင်အဖွဲ့အချို့နှင့် ဘာသာရေးခေါင်း ဆောင်များ စုပေါင်းကာ “ကရင်တစ်မျိုးသားလုံး ငြိမ်းချမ်းရေးတည်ဆောက်မှု ကော်မတီ (KNPBC)” ကို အဖွဲ့ဝင် ၇၇ ဦးဖြင့် ဖွဲ့စည်းခဲ့သော်လည်း KNU အနေဖြင့် ပါဝင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

စစ်အုပ်စုသည် ၂၀၂၄ ခုနှစ်အတွင်းက KNU/KNLA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် ခလရ-၂၇၅ အပါအဝင် မြဝတီမြို့ကို ခဏတာ လက်လွတ်ခဲ့ရသော်လည်း ၎င်းတို့၏ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ၏ ကူညီမှုဖြင့် ခလရ -၂၇၅ အတွင်းသို့ ပြန်လည်ဝင်ရောက် တပ်စွဲနိုင်ခဲ့ခြင်း ဖြစ်သည်။

စစ်အုပ်စုဘက်ကမူ ယခုကန့်သတ်ချက်များသည် ငြိမ်းချမ်းရေးလမ်းစဉ်အတွက်ဟု အကြောင်းပြထား သော်လည်း ၎င်းတို့၏ စိုးမိုးမှုကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း လေ့လာသူ များက ဆိုသည်။

ဓာတ်ပုံ-လူမှုကွန်ရက်

ပုံစာ-စစ်အုပ်စုနှင့်BGFတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်(ပုံဟောင်း)

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *