PSM(News) ဧပြီ ၂၉၊ ၂၀၂၆ မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉) အတွင်းရှိ ပင်မလက်နက်ခဲယမ်းတိုက်ကို တော်လှန်ရေးအင်အားစုများက ထိုးဖောက်ဝင်ရောက်ကာ ဖောက်ခွဲတိုက် ခိုက်ခဲ့ရာ လက်နက်မျိုးစုံ ၂၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း တနင်္သာရီတိုင်းစစ်ဌာန ပြန်ကြားရေးက ထုတ်ပြန်ထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၃) လက်အောက်ခံ အမှတ် (၈၀၀၁) တပ်ရင်း၊ ရေးပြောက်ကျားတပ်ဖွဲ့မှ မြို့တွင်း (UG) အဖွဲ့နှင့် စစ်အုပ်စုအတွင်းရှိ တော်လှန်ရေးဖရဲသီးတို့ ပူးပေါင်းကာ ဧပြီ ၁၉ ရက်တွင် စကခ-၁၉ အတွင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဝင်ရောက်ပြီးနောက် ဒရုန်းဗုံးသီးနှင့် လက်နက်ကြီးကျည်များကို စတင်ဖောက်ခွဲခဲ့ရာမှတစ်ဆင့် ရိက္ခာစတိုး၊ သက်သာဆိုင်နှင့် ဗဟိုကင်းရှိ လက်နက်တိုက်များပါ မီးကူးစက်လောင်ကျွမ်းခဲ့သည်။ ပေါက်ကွဲမီးလောင်မှုကြောင့် စစ်အုပ်စုဘက်မှ လေး ဦး သေဆုံးပြီး ခြောက် ဦးခန့် ဒဏ်ရာရရှိခဲ့ကာ ဗဟိုကင်းအတွင်းရှိ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၂၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့သည်။ အဆိုပါစစ်ဆင်ရေးအတွက် အချိန်နှင့် ငွေကြေးမြောက်မြားစွာ အသုံးပြုခဲ့ပြီး ရန်သူ့သတင်းအချက် အလက်များကို စနစ်တကျ စုဆောင်းကာ ကြိုတင်ပြင်ဆင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဧပြီ ၂၀ ရက်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင် ဦးစီးသောအဖွဲ့သည် ရဟတ်ယာဉ်ဖြင့် လာရောက်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဧပြီ ၂၁ ရက်တွင် ပျက်စီးကျန်ရှိနေသော လက်နက်ခဲယမ်းများကို စစ်ပစ်ကွင်း၌ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။ ထို့ပြင် ခလရ (၆၁) မှ ဗိုလ်မှူးဟိန်းစံကိုလည်း ဘဏ်မှလာရောက်အပ်နှံသည့် ငွေကြေးများထဲမှ သိန်း ၄၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ပြည်သူများအနေဖြင့် စစ်အုပ်စုနှင့် ပူးပေါင်း ပါဝင်ခြင်း မပြုကြရန်နှင့် ပူးပေါင်းပါဝင်မှု စစ်ဆေးတွေ့ရှိပါက ထိုက်သင့်သောအရေးယူမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည်။ ဓာတ်ပုံ-တနင်္သာရီတိုင်းစစ်ဌာန Post navigation ဖြူးတွင် အာဏာလုစစ်အုပ်စုက ပေါ်တာဆွဲရန် ရမ်းသန်းပစ်ခတ်မှုကြောင့် ရေချိုးနေသည့် ၇ နှစ်အရွယ် မိန်းကလေးငယ် ကျည်ထိမှန်သေဆုံး၊ ရဲစခန်းက အမှုဖွင့်ရန် ငြင်းဆန် ပခုက္ကူ တပ်မ ၁၀၁ လက်အောက်ခံ တပ်သား ၅ ဦး ကား ၁စီးအပါအဝင် လက်နက်များနှင့် တကွ အလင်းဝင်