PSM(News) ဧပြီ ၂၉၊၂၀၂၆ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းသို့ စစ်ကြောင်းဖြန့်၍ ဝင်ရောက်လာသော အင်အား ၃၀၀ ကျော်ပါ စစ်အုပ်စုစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ရက်ဆက်ကြားဖြတ် တိုက်ခိုက် ခဲ့ရာ စစ်အုပ်စုဘက်မှ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းက ထုတ်ပြန်သည်။ ပြီးခဲ့သည့် ဧပြီ ၂၄ ရက် နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ခံစပ်ကုန်း(န)ရွာမှ ထွက်လာသည့် အင်အား ၃၀၀ ကျော်ပါ စစ်ကြောင်းသည် စစ်ကြောင်းနှစ် ကြောင်းခွဲ၍ ခံစပ်ကုန်း (ရ) ရွာသို့ စစ်ကြောင်းထိုးလာသဖြင့် ထိတွေ့တိုက်ပွဲ တနေကုန်နီးပါး ဖြစ်ပွားခဲ့သည်။ စစ်အုပ်စုဘက်မှ ဒရုန်းနှင့် လက်နက်ကြီးပစ်ကူများ အလွန်အကျွံအသုံးပြုခဲ့သော်လည်း ငါး ဦး မျက်မြင်သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာထက်မနည်းကို ဝင်ရောက်မီးရှို့ပြီး ပစ္စည်းများ ခိုးယူခဲ့သည့် အဆိုပါစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့သည် ဧပြီ ၂၄ ရက်နှင့် ၂၆ ရက်နေ့များတွင် နွားထိုးကြီးမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဧပြီ ၂၆ ရက် နံနက် ၈ နာရီတွင် ခံစပ်ကုန်း (တောင်ရှေ့ကန်) မှ ထွက်လာသော အဆိုပါ စစ်ကြောင်းသည် စစ်ကြောင်း သုံး ကြောင်းဖြန့်၍ ညောင်ဇင်ရွာနှင့် ကဒေါင်းရွာဘက်သို့ ဦးတည်လာရာ ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ ညောင်ဇင်ရွာအနီး တိုက်ပွဲတွင် စစ်အုပ်စုဘက်မှ ၁၀ ဦးခန့် မျက်မြင် ထပ်မံသေဆုံးခဲ့ကြောင်းမြင်းခြံခရိုင် အမှတ်(၄)တပ်ရင်းထံမှ သိရသည်။ တိုက်ပွဲများအတွင်း အထိနာသွားသော စစ်အုပ်စုသည် ညောင်ဇင်ရွာအတွင်းသို့ ဝင်ရောက်ကာ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ သို့သော် ပူးပေါင်းတပ်ဖွဲ့များ၏ ဒရုန်းစစ်ဆင်ရေးကြောင့် စစ်အုပ်စု၏ ဒရုန်းကား တစ် စီးနှင့် ရိက္ခာကား တစ် စီး မီးလောင်ပျက်စီးခဲ့ပြီး၊ အခြားဒရုန်းကား တစ် စီးလည်း ဗုံးစထိမှန် ပျက်စီးသွားခဲ့သည်။ စစ်အုပ်စုသည် အထိနာသဖြင့် ကဒေါင်းရွာဘက်သို့ ဆုတ်ခွာသွားရာတွင် အလောင်းများကို နွားလှည်း၊ ဆိုင်ကယ်တို့ဖြင့် သယ်ဆောင်သွားခဲ့ရသည်။ တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့များက အလောင်း တစ်လောင်း၊ ခဲယမ်းအချို့နှင့် ပြန်လည်အသုံးပြုနိုင်သော ကား တစ် စီးတို့ကို သိမ်းဆည်းရမိခဲ့သည်။ အဆိုပါ စစ်ဆင်ရေးကို မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း၊ အမှတ် (၁၀) တပ်ရင်း၊ မြင်းခြံခရိုင် အထူးလှုပ်ရှားစစ်ကြောင်း၊ မန္တလေးခရိုင် အမှတ် (၃) တပ်ရင်း၊ MGN-35 နှင့် ပြည်သူ့ကြယ်တစ်ပွင့် ပူးပေါင်းအဖွဲ့တို့က ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဓာတ်ပုံ-မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း Post navigation တမူးခရိုင် အမှတ်-၂ တပ်ရင်းက ကျဆုံးရဲဘော် ၁၂ ဦးအား ရည်စူး၍ ရှင်ပြုနားသအလှူတော် ကျင်းပ မြဝတီမြို့အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ လက်နက်ကိုင်ဆောင်မှုကို စစ်အုပ်စုက ကန့်သတ်ချက် ၈ ချက်ဖြင့် တင်းကျပ်