PSM(News) ဧပြီ ၂၈၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ တမူးခရိုင်အတွင်း၌ တော်လှန်ရေးရဲဘော်များနှင့် မိသားစုဝင်များ စုပေါင်းကာ ရှင်ပြုနားသအလှူတော်နှင့် စေတီတော်များ ထီးတော်တင်လှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း တမူးခရိုင်၊ အမှတ် (၂) တပ်ရင်းက ထုတ်ပြန်သည်။ တော်လှန်ရေးအတွင်း ကျဆုံးခဲ့ရသည့် အာဇာနည်ရဲဘော် ၁၂ ဦးအား ရည်စူး၍ ရွှေသင်္ကန်းကပ်လှူခြင်း၊ ထီးတော်များ တင်လှူပူဇော်ခြင်းနှင့် ဒုတိယအကြိမ်မြောက် ရှင်ပြု၊ နားသ အလှူတော်မင်္ဂလာပွဲကို ဧပြီ ၂၂ ရက်မှ ၂၄ ရက်အထိ ၃ ရက်တိုင်တိုင် အောင်မြင်စွာ ကျင်းပခဲ့ခြင်း ဖြစ်သည်။ တမူးခရိုင် အမှတ် (၂) တပ်ရင်းမှ ရဲဘော်/ရဲမေများနှင့် တော်လှန်ရေးမိသားစုများသည် ၎င်းတို့၏ စုပေါင်းအားဖြင့် မြို့သစ်မြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ရွှေဥဒေါင်းစေတီတော်၊ အောင်မြေရတနာသိဒ္ဓိစေတီတော်၊ အောင်တော်မူစေတီတော်နှင့် ဆုတောင်းပြည့်စေတီတော်တို့ကိုလည်း ပြုပြင်မွမ်းမံခြင်းများ လုပ်ဆောင်ခဲ့ကြသည်။ ယခုပြုလုပ်သမျှ ကုသိုလ်ကောင်းမှုအစုစုတို့ကို နိုင်ငံတစ်ဝှမ်းရှိ တော်လှန်ရေးအတွင်း ကျဆုံးခဲ့ရသော အာဇာနည်ရဲဘော်များနှင့် ပြည်သူများအားလုံး ထပ်တူထပ်မျှ ရရှိကြပါစေကြောင်းနှင့် ကောင်းရာသုဂတိလားပါစေကြောင်း တမူးခရိုင် အမှတ် (၂) တပ်ရင်းက ဆုတောင်းမေတ္တာ ပို့သထားသည်။ ဓာတ်ပုံ-တမူးခရိုင် အမှတ် (၂) တပ်ရင်း Post navigation စစ်ကိုင်းတိုင်းရှိ PDF တပ်ရင်းများအတွက် ကျည်ကာနှင့် ဦးထုပ်များ မြေပြင်သို့ ရောက်ရှိ နွားထိုးကြီးတွင် အင်အား ၃၀၀ ပါ စစ်အုပ်စုစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ ၂၅ ဦးထက်မနည်း သေဆုံးကာ ဒရုန်းကားများ ပျက်စီး