PSM(NEWS)

ဧပြီ ၂၉၊၂၀၂၆

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ သည် ပီတာ မန်ဒယ်လ်ဆန် ကို အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ လွှတ်တော်ကို လှည့်ဖြားပြောဆိုခဲ့ခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းရန် တင်ပြချက်ကို အင်္ဂါနေ့တွင် ဗြိတိန်လွှတ်တော်အမတ်များက မဲခွဲဆုံးဖြတ်ကာ ပယ်ချလိုက်သည်။

စတာမာသည် လေဘာပါတီ ဝါရင့်နိုင်ငံရေးသမား မန်ဒယ်လ်ဆန်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ထိပ်တန်းသံတမန်ရာထူးအတွက် ရွေးချယ်ခဲ့သော်လည်း၊ ကွယ်လွန်သူ အမေရိကန် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်းနှင့် မန်ဒယ်လ်ဆန်၏ ပတ်သက်မှုမှာ ယခင်က သိထားသည်ထက် ပိုမိုနက်ရှိုင်းကြောင်း တွေ့ရှိရပြီးနောက် ပြီးခဲ့သည့် စက်တင်ဘာလတွင် ၎င်းအား ရာထူးမှ ထုတ်ပယ်ခဲ့သည်။

ဝန်ကြီးချုပ် စတာမာသည် ဤကိစ္စနှင့် ပတ်သက်၍ ရာထူးမှ နုတ်ထွက်ရန် ဖိအားပေးမှုများကို တွန်းလှန်နေပြီး၊ မန်ဒယ်လ်ဆန်သည် အက်ပ်စတိန်းနှင့် ပတ်သက်မှုအပေါ် လိမ်လည်ခဲ့ကြောင်း တုံ့ပြန်ပြောဆိုထားသည်။ ထို့အပြင် ၎င်းအနေဖြင့် ဤခန့်အပ်မှုကို တားဆီးနိုင်မည့် စိစစ်ရေးလုပ်ငန်းစဉ်ဆိုင်ရာ အချက်အလက်များကို တာဝန်ရှိသူများက မိမိထံသို့ မတင်ပြဘဲ ဖုံးကွယ်ထားခဲ့ကြောင်း စတာမာက ဆိုသည်။

အင်္ဂါနေ့ မဲခွဲမှုတွင် လွှတ်တော်အမတ် ၃၃၅ ဦးက ကန့်ကွက်ပြီး ၂၂၃ ဦးက ထောက်ခံခဲ့သဖြင့်၊ စတာမာသည် “အပြည့်အဝ စိစစ်မှုများ ပြုလုပ်ခဲ့သည်” ဟူသော ပြောကြားချက်အပါအဝင် အချက်အလက်အချို့နှင့် ပတ်သက်၍ အောက်လွှတ်တော်ကို လှည့်ဖြားခဲ့ခြင်း ရှိ၊ မရှိ အထူးအခွင့်အရေးဆိုင်ရာ ကော်မတီ” က စုံစမ်းစစ်ဆေးရန် တင်ပြချက်မှာ ရှုံးနိမ့်သွားခဲ့သည်။

အကယ်၍ အဆိုပါကော်မတီက စတာမာသည် လွှတ်တော်ကို တမင်တကာ လှည့်ဖြားခဲ့သည်ဟု ဆုံးဖြတ်ခဲ့ပါက ၎င်းအနေဖြင့် ရာထူးမှ နုတ်ထွက်ရမည်ဖြစ်သည်။

အတိုက်အခံ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် ကီမီ ဘေဒန်နော့ခ် ဦးဆောင်သော အဆိုပါ စုံစမ်းစစ်ဆေးရေး တင်ပြချက်ကို စတာမာက ဝေဖန်ခဲ့ပြီး၊ ၎င်းသည် မေလ ၇ ရက်နေ့တွင် ကျင်းပမည့် ဒေသန္တရရွေးကောက်ပွဲများ မတိုင်မီ မဲဆန္ဒရှင်များကို လွှမ်းမိုးရန် ကြိုးပမ်းသည့် နိုင်ငံရေးပရိယာယ်သာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

၎င်း၏ လေဘာပါတီဝင် အမတ်များကို အဆိုပါ စုံစမ်းစစ်ဆေးရေးကို ကန့်ကွက်ရန် ညွှန်ကြားခဲ့ရာမှ ယခုကဲ့သို့ အပြတ်အသတ် မဲရှုံးနိမ့်သွားခြင်း ဖြစ်သည်။ ဘေဒန်နော့ခ်ကမူ စတာမာသည် အမိန့်အာဏာသုံး၍ ကန့်ကွက်ခိုင်းရခြင်းမှာ ၎င်း၏ အားနည်းချက်ကို ပြသနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကာ-Reuters.

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *