PSM(NEWS) မတ် ၂၉၊၂၀၂၆ လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ မော်တော်ယာဉ်တစ်စီးကို အစ္စရေးက တိုက်ခိုက်ခဲ့ရာ လက်ဘနွန်သတင်းထောက် သုံးဦး သေဆုံးသွားကြောင်း လက်ဘနွန်အခြေစိုက် Al Manar TV သတင်းဌာနက စနေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း Al Manar သတင်းဌာနမှ သတင်းထောက်အလီရှာအစ်ဗ် နှင့် Al Mayadeen သတင်းဌာနမှ သတင်းထောက်ဖာတီးမားဖတူနီတို့သည် ၎င်းတို့စီးနင်းလာသည့် ယာဉ်ထိမှန်မှုကြောင့်သေဆုံးခဲ့ခြင်းဖြစ်သည်။ဖာတီးမားဖတူနီ၏မောင်ဖြစ်သူကင်မရာမန်းမိုဟာမက်ဖတူနီလည်းအဆိုပါတိုက်ခိုက်မှုအတွင်း သေဆုံးသွားကြောင်း လက်ဘနွန်ပြန်ကြားရေးဝန်ကြီးက နောက်ပိုင်းတွင်အတည်ပြုပြောကြားခဲ့သည်။ Al Manar သတင်းဌာနသည် အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ကထိန်းချုပ်ထားခြင်းဖြစ်ပြီး Al Mayadeen သတင်းဌာနသည်လည်းဒေသတွင်းရှိအီရန်မဟာမိတ်များနှင့်လိုလားသူများဘက်မှရပ်တည်သည့်မီဒီယာတစ်ခုအဖြစ် လူသိများသည်။ အစ္စရေးစစ်တပ်၏ထုတ်ပြန်ချက်တွင်မူအလီရှာအစ်ဗ်သည်ဟစ်ဇ်ဘိုလာ၏ထောက်လှမ်းရေးတပ်ဖွဲ့ဝင် “အကြမ်းဖက်သမား”တစ်ဦးဖြစ်ပြီးလက်ဘနွန်တောင်ပိုင်းရှိအစ္စရေးစစ်သားများ၏တည်နေရာများကိုသတင်းပို့နေသူဖြစ်သဖြင့်၎င်းကို “ချေမှုန်း” ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ထို့အပြင်၎င်းသည်အစ္စရေးစစ်သားများနှင့်အရပ်သားများအပေါ် လှုံ့ဆော်မှုများ ပြုလုပ်နေသူဖြစ်သည်ဟုလည်း စွပ်စွဲထားသည်။ သို့ရာတွင်အစ္စရေးစစ်တပ်၏ထုတ်ပြန်ချက်၌အခြားသူများသေဆုံးမှုနှင့်ပတ်သက်၍ဖော်ပြထားခြင်းမရှိသလို၊အလီရှာအစ်ဗ်သည်ဟစ်ဇ်ဘိုလာ အဖွဲ့ဝင်ဖြစ်သည်ဆိုသည့် အချက်အတွက်လည်း ခိုင်လုံသော သက်သေအထောက်အထားများ ပေးနိုင်ခြင်းမရှိပေ။ လက်ဘနွန်သမ္မတဂျိုးဆက်ဖ်အောင်းက ၎င်းတို့သည် “မိမိတို့၏ လုပ်ငန်းခွင်တာဝန်ကိုထမ်းဆောင်နေကြသည့် အရပ်သားများသာ ဖြစ်သည်” ဟု X (ယခင် Twitter) လူမှုကွန်ရက်တွင်ရေးသားခဲ့သည်။ “ဒါဟာ စစ်မက်ဖြစ်ပွားချိန်မှာ သတင်းထောက်တွေ ရရှိရမယ့် နိုင်ငံတကာအကာအကွယ်ပေးမှုဆိုင်ရာ သဘောတူညီချက်တွေနဲ့ ကျင့်ထုံးအားလုံးကိုပြောင်ပြောင်တင်းတင်းချိုးဖောက်တဲ့ရာဇ၀တ်မှုဖြစ်တယ်” ဟု ၎င်းက ဆိုသည်။ Al Manarသတင်းဌာနကမူအလီရှာအစ်ဗ်ကို“တော်လှန်ရေးသတင်းတင်ဆက်မှု၏ပြယုဂ်”အဖြစ်တင်စားဖော်ပြခဲ့သည်။ Al Mayadeen ကလည်း ဖာတီးမားဖတူနီသည် ရဲရင့်ပြီး ဘက်လိုက်မှုကင်းသော သတင်းတင်ဆက်မှုများကြောင့် ထင်ရှားသူဖြစ်ကြောင်းပြောကြားခဲ့သည်။ “ရန်သူရဲ့ ပြဿနာက သူတို့ဟာ အမှန်တရားကိုဖုံးကွယ်ချင်တာပါ။ဒါပေမဲ့စကားလုံးတွေကိုတော့ဘယ်တော့မှ ဖုံးကွယ်လို့မရပါဘူး” ဟု ဘေရွတ်ရှိ Al Mayadeen ညွှန်ကြားရေးမှူးကပြောကြားခဲ့သည်။ ယခုသီတင်းပတ်ဗုဒ္ဓဟူးနေ့ကလည်း Al Manar၌အလုပ်လုပ်ကိုင်နေသည့် လက်ဘနွန်အလွတ်တန်းသတင်းထောက် ဟူစိန်ဟာမုဒ် သည် အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရကြောင်း သတင်းထောက်များကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ဆိုသည်။ ပြီးခဲ့သည့်လကုန်ပိုင်းတွင်အီရန်စစ်ပွဲစတင်ကတည်းကအရှေ့အလယ်ပိုင်းဒေသတစ်လွှား၌လေကြောင်းတိုက်ခိုက်မှုများကြောင့်အနည်းဆုံး သတင်းထောက် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီးဖြစ်ကြောင်း CPJ က ကြာသပတေးနေ့တွင်ပြောကြားခဲ့သည်။ အမေရိကန်စစ်တပ်ကမူ ယင်းကိစ္စနှင့်ပတ်သက်၍မှတ်ချက်ပေးရန် တောင်းဆိုမှုကို တုံ့ပြန်ခြင်း မရှိသေးပေ။ ကိုးကား Reuters Post navigation အီရန်စစ်ပွဲ အခြေအနေနှင့် ပတ်သက်၍ ရုရှားနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေး အမေရိကန်လေယာဉ်တင်သင်္ဘော Ford ပြုပြင်ထိန်းသိမ်းရန် ခရိုအေးရှားသို့ ဆိုက်ရောက်