PSM(NEWS) မတ် ၂၈၊ ၂၀၂၆ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာ့ဗ်ရော့ဗ် နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ချီ တို့သည် သောကြာနေ့တွင် တွေ့ဆုံကာ အီရန်စစ်ပွဲအား သံတမန်နည်းလမ်းအရ ဖြေရှင်းနိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ “အမေရိကန်-အစ္စရေးတို့ရဲ့ အကြောင်းမဲ့ ကျူးကျော်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်းဒေသက အခက်ခဲဆုံး စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းတွေကို ဝန်ကြီးနှစ်ဦး အသေးစိတ် ဆွေးနွေးခဲ့ကြပါတယ်” ဟု ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ နိုင်ငံတကာဥပဒေများကို အခြေခံကာ ဒေသတွင်းနိုင်ငံအားလုံး၏ တရားဝင်အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားပြီး ပဋိပက္ခကို နိုင်ငံရေးနှင့် သံတမန်ရေးရာ လမ်းကြောင်းပေါ်သို့ ပြောင်းလဲဖော်ဆောင်နိုင်မည့် အလားအလာများကိုလည်း အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ထို့အပြင် ဆာဂေး လာ့ဗ်ရော့ဗ် က ရုရှားနိုင်ငံမှ အီရန်သို့ ပေးပို့သည့် နောက်ဆုံးအသုတ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအကြောင်းကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။ ရုရှားနှင့် အီရန်တို့သည် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနှင့် စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် မဟာဗျူဟာမြောက် မိတ်ဖက်သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားသော်လည်း အပြန်အလှန် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်မပါဝင်ကြောင်း သိရသည်။ တစ်ဖက်တွင်လည်း ဥရောပနိုင်ငံခြားရေးဝန်ကြီးများက ရုရှားသည် အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်ဖွဲ့များကို တိုက်ခိုက်ရာတွင် အီရန်အား ကူညီပေးနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို ထံ တိုက်တွန်းပြောကြားခဲ့ကြသည်။ အနောက်နိုင်ငံ လုံခြုံရေးသတင်းရင်းမြစ်များ၏ အဆိုအရ မော်စကိုသည် တဟီရန်သို့ ဂြိုဟ်တုဓာတ်ပုံများ ထောက်ပံ့ပေးနေပြီး ယူကရိန်းစစ်ပွဲတွင် အသုံးပြုနေသည့် ရုရှားဒရုန်းများကဲ့သို့ အီရန်၏ ဒရုန်းများကို အဆင့်မြှင့်တင်ရာတွင်လည်း ကူညီပေးနေကြောင်း သိရသည်။ ကိုးကား Reuters Post navigation ဟော်မုဇ်ရေလက်ကြား ကုန်သွယ်ရေးလမ်းကြောင်း ဘေးကင်းလုံခြုံစေရန် ကုလသမဂ္ဂမှ ယန္တရားတစ်ခု ဖော်ဆောင်မည် လက်ဘနွန်သတင်းထောက် ၃ ဦး အစ္စရေး၏ တိုက်ခိုက်မှုကြောင့် သေဆုံးကြောင်း Al Manar TV ထုတ်ပြန်