PSM(NEWS)

ဇန်နဝါရီလ ၂၉ ၊၂၀၂၆

အမေရိကန်တေးသံရှင် ဘရုစ် စပရင်းစတင်း သည် သမ္မတ ဒေါ်နယ်ထရမ့်၏ ပြင်းထန်သော လူဝင်မှုကြီးကြပ်ရေး စီးနင်းဖမ်းဆီးမှုများအတွင်း သေဆုံးခဲ့ရသည့် မင်နီယာပိုလစ်မြို့ခံ နှစ်ဦးဖြစ်သော အဲလက်စ် ပရက်တီ နှင့် ရေနေး ဂွတ်ဒ် တို့ကို ဂုဏ်ပြုသည့် ဆန္ဒပြတေးသီချင်းတစ်ပုဒ်ကို ဗုဒ္ဓဟူးနေ့တွင် ထုတ်ဝေလိုက်သည်။

၎င်းက အဆိုပါစီးနင်းမှုများကို မြို့အပေါ် ကျရောက်လာသည့် “နိုင်ငံတော်အဆင့် အကြောက်တရားသွင်းမှု (State of Terror)” ဟု ခေါ်ဆိုခဲ့သည်။

စပရင်းစတင်းက ၎င်း၏ “Streets of Minneapolis” အမည်ရ သီချင်းကို ပြီးခဲ့သည့် စနေနေ့တွင် ရေးသားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုနေ့သည် အသက် ၃၇ နှစ်အရွယ် အထူးကြပ်မတ်ကုသဆောင် သူနာပြုတစ်ဦးဖြစ်သူ အဲလက်စ် ပရက်တီအား အမေရိကန် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး အေးဂျင့်များက ပစ်သတ်ခဲ့သည့်နေ့ဖြစ်သည်။

အလားတူပင် ကလေးသုံးဦးမိခင်ဖြစ်သူ အသက် ၃၇ နှစ်အရွယ် ရေနေး ဂွတ်ဒ်မှာလည်း ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့က လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဌာန (ICE) အေးဂျင့်တစ်ဦး၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။

“ဒီသီချင်းကို မင်နီယာပိုလစ် ပြည်သူတွေ၊ ကျွန်တော်တို့ရဲ့ အပြစ်မဲ့တဲ့ ရွှေ့ပြောင်းအခြေချ အိမ်နီးနားချင်းတွေနဲ့ အဲလက်စ် ပရက်တီ၊ ရေနေး ဂွတ်ဒ် တို့ကို ရည်စူးပါတယ်” ဟု အဆိုတော်က လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်သော ရော့ခ်ဂန္ထဝင် စပရင်းစတင်းသည် အဆိုပါသီချင်းတွင် မင်နီယာပိုလစ်ရှိ လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုများအကြောင်းနှင့် ဖယ်ဒရယ်အေးဂျင့်များ၏ လုပ်ဆောင်ချက်များကို မှတ်တမ်းတင်ကာ ရင်ဆိုင်နေကြသည့် မြို့ခံများအကြောင်းကို ထည့်သွင်းသီဆိုထားသည်။

ထို့ပြင် အိမ်ဖြူတော် အရာရှိများဖြစ်ကြသော စတီဖင် မီလာ နှင့် ခရစ္စတီ နုမ်းတို့၏ “ မုသားများ” ကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။

သီချင်း၏ အဓိကသံပြိုင်ပိုဒ်တွင် “ICE out now!” (ICE များ အခုထွက်သွား) ဟု ဟစ်ကြွေးထားပြီး၊ မင်နီယာပိုလစ် လမ်းမပေါ်တွင် သေဆုံးခဲ့ရသူများ၏ အမည်များကို အမြဲအမှတ်ရနေမည်ဖြစ်ကြောင်း သီဆိုကာ ဆန္ဒပြသူများ၏ ကြွေးကြော်သံများနှင့်အတူ သီချင်းကို အဆုံးသတ်ထားသည်။

“The Boss” ဟု လူသိများသည့် စပရင်းစတင်းသည် သမ္မတ ထရမ့်၏ သက်တမ်းနှစ်ခုလုံးတွင် ပြင်းထန်စွာ ဝေဖန်ခဲ့သူတစ်ဦးဖြစ်ပြီး၊ လူ့အခွင့်အရေးနှင့် ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုများအပေါ် ယခင်ကလည်း “American Skin (41 Shots)” ကဲ့သို့သော သီချင်းများဖြင့် ဆန့်ကျင်ဖော်ပြခဲ့ဖူးသည်။

ကိုးကား Reuters

#မင်နီယာပိုလစ်

#ဆန္ဒပြတေးသီချင်း

#ဘရုစ်_စပရင်းစတင်း

#ICE_များ_အခုထွက်သွား

#PSM_News

By Htet Ko