PSM(NEWS) ဇန်နာဝါရီ ၂၉၊ ၂၀၂၆ ကမ္ဘာကြီးအတွက် “စိန်ခေါ်မှုများပြည့်နှက်နေသောကာလ” အတွင်း ဗြိတိန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ပိုမိုနက်ရှိုင်းသော ဆက်ဆံရေးရှိရန် လိုအပ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ကြာသပတေးနေ့တွင် တိုက်တွန်းပြောကြားလိုက်သည်။ ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် အခြားသောကိစ္စရပ်များတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဗြိတိန်ခေါင်းဆောင်က တရုတ်သမ္မတ ရှီကျင့်ဖျင်အား ပြောကြားခဲ့သည်။ “ဗြိတိန်နဲ့ တရုတ်နိုင်ငံအကြား ရေရှည်တည်တံ့ပြီး ခိုင်မာကျယ်ပြန့်တဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးမျိုး လိုအပ်တယ်ဆိုတာကို ကျွန်တော် အမြဲတမ်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။ ရှစ်နှစ်တာကာလအတွင်း တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သည့် ဗြိတိန်ဝန်ကြီးချုပ် စတာမာသည် နှစ်နိုင်ငံအကြား နှစ်အတော်ကြာ တင်းမာခဲ့သည့် ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်လာစေရန် ကြိုးပမ်းသည့်အနေဖြင့် ပေကျင်းမြို့လယ်ရှိ ပြည်သူ့ခမ်းမဆောင်ကြီးတွင် ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် လက်ထက်တွင် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး အနှောင့်အယှက်များ ဖြစ်ပေါ်နေခြင်းကြောင့် အစိုးရများစွာအတွက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရန်မှာ ပိုမိုအရေးကြီးလာခဲ့သည်။ စတာမာသည် တောင်ကိုရီးယား၊ ကနေဒါနှင့် ဖင်လန်နိုင်ငံတို့မှ ခေါင်းဆောင်များနောက်ပိုင်း ယခုလအတွင်း ပေကျင်းသို့ လာရောက်သည့် စတုတ္ထမြောက် အမေရိကန်မဟာမိတ်ခေါင်းဆောင် ဖြစ်သည်။ ဂျာမနီဝန်ကြီးချုပ်သည်လည်း လာမည့်လတွင် လာရောက်ရန် မျှော်လင့်ရသည်။ ကိုးကားReuters #တရုတ်နိုင်ငံ #ဗြိတိန်ဝန်ကြီးချုပ် #မိတ်ဖက်ဆက်ဆံရေး #ရှီကျင့်ဖျင် #PSM_News Post navigation အိမ်နီးချင်းနိုင်ငံများတွင် နီပါးဗိုင်းရပ်စ် ကူးစက်မှုရှိနေ၍ ခရီးသွားလာမှု သတိပြုရန်လိုအပ်၊ လင်းနို့ ကိုက်ရာပါသော သစ်သီး နှင့် ထန်းရည်ကို သောက်သုံးခြင်းမပြုရန် WHO သတိပေး မင်နီယာပိုလစ် ဆန္ဒပြတေးသီချင်းကို ဘရုစ် စပရင်းစတင်း ထုတ်ဝေ၊ ‘ICE များ အခုထွက်သွား’ ဟု သီဆို