PSM(News)

ဇန်နဝါရီ ၂၉ ၊ ၂၀၂၆

အိမ်နီးချင်း အိန္ဒိယနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံအချို့တွင် သေဆုံးမှုနှုန်း မြင့်မားသည့် နီပါးဗိုင်းရပ်စ် (Nipah Virus) ကူးစက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် မြန်မာနိုင်ငံအတွင်း ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း စစ်ကော်မရှင်လက်အောက်ခံ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ယနေ့အချိန်အထိ နီပါးဗိုင်းရပ်စ် ကူးစက်မှု မတွေ့ရှိရသေးသော်လည်း ဗိုင်းရပ်စ်၏ မူလလက်ခံကောင်ဖြစ်သော သစ်သီးစားလင်းနို့/လင်းဆွဲများ ပေါများသည့်ဒေသဖြစ်ခြင်းနှင့် ကူးစက်မှု ဖြစ်ပွားရာ နိုင်ငံများနှင့် နယ်နိမိတ်ချင်း ထိစပ်နေခြင်းတို့ကြောင့် သတိပေးချက် ထုတ်ပြန်လာ ခြင်းဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ နီပါးဗိုင်းရပ်စ်သည် တိရစ္ဆာန်မှ လူသို့ ကူးစက်နိုင်သည့် ပြင်းထန်သော ရောဂါတစ်မျိုးဖြစ်သည်။

သစ်သီးစားလင်းနို့များသည် ဗိုင်းရပ်စ်တည်မှီရာ အဓိကလက်ခံ ကောင်များဖြစ်ပြီး၊ ဝက်များမှာမူ လူသားများသို့ ရောဂါကူးစက်ရန် ကြားခံလက်ခံကောင် (Intermediate Host) အဖြစ် လုပ်ဆောင်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများအနေဖြင့် ရောဂါဖြစ်ပွားနေသည့် အိန္ဒိယနိုင်ငံ (အနောက်ဘင်္ဂလားပြည်နယ်) ကဲ့သို့သော ဒေသများသို့ မလိုအပ်ဘဲ ခရီးမသွားရန် သတိပေးထားသည်။

အဆိုပါဒေသများသို မဖြစ်မနေ ခရီးသွားရောက်ရ၍ ပြန်လာပြီး ၁၄ ရက်အတွင်း ပြင်းထန်စွာဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူရခက်ခဲခြင်းများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေး ဌာနသို့ ချက်ချင်းသတင်းပို့ရန် နှင့် ခရီးသွားရာဇဝင်ကို ဆရာဝန်အား တိကျစွာပြောပြရန်ကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားသည်။

နီပါးဗိုင်းရပ်စ်သည် လက်ရှိတွင် ပျောက်ကင်းအောင် ကုသနိုင်သည့်ဆေးနှင့် ကာကွယ်ဆေး မပေါ်ပေါက် သေးသဖြင့် လင်းနို့ကိုက်ရာပါသော အသီးအနှံများကို မစားရန်နှင့် သတ္တဝါများနှင့်ထိတွေနိုင်သည့် လတ်လတ်ဆက်ဆက် ထန်းရည်ကိုလည်း သောက်သုံးခြင်းမပြုရန်နှင့် ကျိုချက်သောက်ရန် WHO က အကြံပြုထားသည်။

ထို့ပြင် လက်ကို ဆပ်ပြာနှင့် မကြာခဏဆေးကြောရန်၊ ဖျားနာသူများနှင့် အနီးကပ်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပြီး Mask ကို စနစ်တကျ တပ်ဆင်ရန်၊ မိမိပတ်ဝန်းကျင်တွင် လင်းနို့ သို့မဟုတ် ဝက်များ ထူးထူးခြားခြား သေဆုံးနေပါက ကျန်းမာရေးဌာနသို့ ချက်ချင်းအသိပေးရန်လည်း လမ်းညွှန်ထားသည်။

နီပါးဗိုင်းရပ်စ်သည် လူမှလူသို့လည်း တိုက်ရိုက်ကူးစက်နိုင်သဖြင့် ရောဂါသံသယရှိသူများကို ပြုစု စောင့်ရှောက်ရာတွင် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကူးစက်ရောဂါထိန်းချုပ်ရေး စည်းမျဉ်းများ ကို တင်းကျပ်စွာ လိုက်နာရန်လည်း WHO က တိုက်တွန်းထားသည်။

#PSM_News

#ကျန်းမာရေး

#နီပါးဗိုင်းရပ်စ်

#NipahVirus

#WHO

#ခရီးသွားသတိပေးချက်

#သစ်သီးစားလင်းနို့

By Htet Ko