PSM(NEWS) ဇန်နဝါရီ ၂၉၊ ၂၀၂၆ အမေရိကန်ရေတပ်၏ အင်အားကြီးမားသော သင်္ဘောအုပ်စုကြီး (Armada) သည် အီရန်နိုင်ငံဘက်သို့ ဦးတည်ခုတ်မောင်းနေပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်ပြီး၊ အီရန်အနေဖြင့် နျူကလီးယားသဘောတူညီချက်အသစ်အတွက် ဆွေးနွေးပွဲစားပွဲဝိုင်းသို့ မလာပါက ယခင်ထက် ပိုမိုပြင်းထန်သော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရမည်ဟု သတိပေးလိုက်သည်။ သမ္မတထရန့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် “အင်အားကြီးမားတဲ့ ရေတပ်အုပ်စုကြီးဟာ အီရန်နိုင်ငံဆီကို အရှိန်အဟုန်နဲ့ ဦးတည်နေပါပြီ။ ဒါဟာ ဗင်နီဇွဲလားကို စေလွှတ်ခဲ့တာထက်တောင် ပိုပြီးကြီးမားပါတယ်” ဟု ရေးသားခဲ့သည်။ ထို့အပြင် အီရန်အနေဖြင့် နျူကလီးယားလက်နက် ကင်းစင်ရေးအတွက် တရားမျှတသော သဘောတူညီချက်တစ်ခုကို အမြန်ဆုံး လာရောက်ညှိနှိုင်းရန် မျှော်လင့်ကြောင်းနှင့် လိုအပ်ပါက အဆိုပါရေတပ်အုပ်စုသည် စစ်ရေးအရ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇွန်လအတွင်းက အီရန်နျူကလီးယား အဆောက်အအုံများကို တိုက်ခိုက်ခဲ့သည့် “Operation Midnight Hammer” ကို ရည်ညွှန်းလျက်၊ အကယ်၍ သဘောတူညီချက်မရရှိပါက နောက်ထပ်တိုက်ခိုက်မှုသည် “ယခင်ထက် အဆပေါင်းများစွာ ပိုမိုဆိုးရွားလိမ့်မည်” ဟု သမ္မတထရန့်က ပြတ်ပြတ်သားသား သတိပေးခဲ့သည်။ လက်ရှိတွင် လေယာဉ်တင်သင်္ဘော USS Abraham Lincoln အပါအဝင် အမေရိကန်စစ်သင်္ဘောများသည် အရှေ့အလယ်ပိုင်းဒေသသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ ကိုးကား. Fox News #အီရန် #သမ္မတထရန့် #နျူကလီးယားသဘောတူညီချက် #ဆွေးနွေးရန်_သတိပေး #လေယာဉ်တင်သင်္ဘော #𝐏𝐒𝐌_𝐍𝐞𝐰𝐬 Post navigation အမေရိကန်၏ဗဟိုချက် သည်ဥရောပမဟုတ်တော့ဘဲ အခြေခံကျသည့် ပြောင်းလဲမှုဖြစ်ပေါ်နေဟု EU နိုင်ငံခြားရေးအကြီးအကဲ သတိပေး အိမ်နီးချင်းနိုင်ငံများတွင် နီပါးဗိုင်းရပ်စ် ကူးစက်မှုရှိနေ၍ ခရီးသွားလာမှု သတိပြုရန်လိုအပ်၊ လင်းနို့ ကိုက်ရာပါသော သစ်သီး နှင့် ထန်းရည်ကို သောက်သုံးခြင်းမပြုရန် WHO သတိပေး