PSM(News) ဇန်နဝါရီ ၂၉၊ ၂၀၂၆ အမေရိကန်၏ အဓိကဗဟိုချက်မှာ ဥရောပမဟုတ်တော့ဘဲ အပြောင်းအလဲသည် ယာယီမဟုတ်ဘဲ အခြေခံကျသော ပြောင်းလဲမှု ဖြစ်ကြောင်း ဥရောပသမဂ္ဂ (EU) ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ကာဂျာကလက်စ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေးအပေါ် ကိုင်တွယ်ပုံအသစ်နှင့် ပတ်သက်၍ ဥရောပခေါင်းဆောင်များ လိုက်လျောညီထွေဖြစ်အောင် ကြိုးပမ်းနေရချိန်တွင် သူမက ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ ဥရောပကာကွယ်ရေးအေဂျင်စီ၏ နှစ်ပတ်လည်ညီလာခံတွင် ပြောကြားရာ၌ ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်နှင့် ခိုင်မာသော ဆက်ဆံရေးကို ဆက်လက်အလိုရှိနေပြီး အမေရိကန်သည်လည်း မဟာမိတ်အဖြစ် ဆက်ရှိနေဦးမည်ဖြစ်သော်လည်း ဥရောပအနေဖြင့် လက်ရှိအခြေအနေအသစ်များကို လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ရမည်ဖြစ်ကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။ ထို့အပြင် သူမကမြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) အနေဖြင့် ပိုမိုခိုင်မာလာစေရန်အတွက် ဥရောပသားများ၏ ပါဝင်မှုကဏ္ဍကို ပိုမိုမြှင့်တင်ရန် လိုအပ်ကြောင်းလည်း တိုက်တွန်းခဲ့သည်။ “ဩဇာအာဏာသုံးပြီး ဖိအားပေးတဲ့ နိုင်ငံရေးစနစ်၊ နယ်ပယ်ခွဲခြား စိုးမိုးမှုတွေနဲ့ ‘အင်အားရှိသူက အမှန်’ ဆိုတဲ့ ကမ္ဘာကြီးဆီကို အလုံးစုံ ပြန်လည်ရောက်ရှိသွားနိုင်မယ့် အန္တရာယ်က အမှန်တကယ် ရှိနေပါတယ်” ဟု ကာဂျာကလက်စ်က ဥရောပ၏ လုံခြုံရေးအနာဂတ်နှင့် ပတ်သက်၍ သတိပေး ပြောကြားခဲ့သည်။ ကိုးကား Reuters #အမေရိကန်၏ဗဟိုချက် #မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ #လုံခြုံရေးအနာဂတ် #ဥရောပသမဂ္ဂ #ဒေါ်နယ်ထရန့် #𝐏𝐒𝐌_𝐍𝐞𝐰𝐬 Post navigation မြောက်ကိုရီးယား၏ နျူကလီးယားစစ် ဟန့်တားရေး အစီအစဉ်သစ်များ ပါတီညီလာခံတွင် ချပြမည်ဟု ကင်မ်ဂျုံအန်း ပြောကြား အီရန်သို့ အမေရိကန်ရေတပ်အုပ်စုကြီး စေလွှတ်နေကြောင်း သမ္မတထရန့် ပြောကြား၊ နျူကလီးယားသဘောတူညီချက်အတွက် ဆွေးနွေးရန် သတိပေး