PSM(NEWS)

ဇန်နဝါရီ ၂၉၊ ၂၀၂၆

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားလက်နက် အင်အားတောင့်တင်းခိုင်မာစေရန် ဆောင်ရွက်မည့် နောက်ထပ်ခြေလှမ်းသစ်များကို မကြာမီကျင်းပတော့မည့် အာဏာရအလုပ်သမားပါတီ ညီလာခံတွင် ထုတ်ဖော်ပြသသွားမည်ဖြစ်ကြောင်း ခေါင်းဆောင် ကင်မ်ဂျုံအန်းက ပြောကြားလိုက်သည်ဟု နိုင်ငံပိုင်သတင်းဌာန (KCNA) က ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။

အင်္ဂါနေ့တွင် ပြုလုပ်ခဲ့သော ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကို ကိုယ်တိုင်ကြီးကြပ်စဉ် ကင်မ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းက “နိုင်ငံရဲ့ နျူကလီးယားစစ် ဟန့်တားရေးစွမ်းရည်ကို ပိုမိုမြှင့်တင်ဖို့အတွက် နောက်တစ်ဆင့်တက်လှမ်းမယ့် အစီအစဉ်တွေကို ပါတီညီလာခံမှာ ရှင်းရှင်းလင်းလင်း ချပြသွားမယ်” ဟု ဆိုသည်။

အဆိုပါ ပါတီညီလာခံသည် ငါးနှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပမည့် အရေးပါသော နိုင်ငံရေးဆုံရပ်တစ်ခုဖြစ်ပြီး လာမည့်သီတင်းပတ်များအတွင်း ကျင်းပရန် မျှော်မှန်းထားသည်။

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော သတင်းဓာတ်ပုံများတွင် ကင်မ်ဂျုံအန်းသည် ၎င်း၏သမီးဖြစ်သူ ဂျူအေးနှင့်အတူ ဒုံးကျည်စမ်းသပ်မှုကို ကြည့်ရှုနေသည်ကို တွေ့ရသည်။ “အကြီးစား” ဒုံးပစ်စင်ဖြင့် ပစ်ခတ်ခဲ့သော အဆိုပါဒုံးကျည်များသည် ကီလိုမီတာ ၃၅၀ ကျော် (မိုင် ၂၂၀ ခန့်) အကွာရှိ ပစ်မှတ်ကို ထိမှန်ခဲ့ကြောင်း သိရသည်။

၎င်းစမ်းသပ်မှုနှင့် ပတ်သက်၍ ကင်မ်က “ဒီစမ်းသပ်မှုရဲ့ ရလဒ်နဲ့ အရေးပါမှုဟာ ကျွန်တော်တို့အပေါ် စစ်ရေးအရ ရန်စဖို့ ကြိုးစားနေတဲ့ အင်အားစုတွေအတွက် ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာနဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေလိမ့်မယ်” ဟု သတိပေးပြောဆိုခဲ့သည်။

ယခုစမ်းသပ်မှုသည် အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်မှ အဆင့်မြင့်အရာရှိကြီးတစ်ဦး တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ ရောက်ရှိနေစဉ်နှင့် တိုက်ဆိုင်နေသည်။ မြောက်ကိုရီးယားသည် မကြာသေးမီကလည်း အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ၎င်း၏ နျူကလီးယားအင်အားကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း အကြိမ်ကြိမ် ပြောဆိုထားသည်။

ကိုးကား Reuters

#မြောက်ကိုရီးယား

#နျူကလီးယားလက်နက်

#ကင်မ်ဂျုံအန်း

#ပါတီညီလာခံ

#PSM_News

By Htet Ko