PSM(News)

ဇန်နဝါရီ ၂၉ ၊ ၂၀၂၆

မြန်မာစစ်တပ်၏ စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်နေသော လူမှုကွန်ရက်စာမျက်နှာများ၊ အုပ်စု (Groups) များနှင့် ပရိုဖိုင်အကောင့်ပေါင်း ၂၇၀ ခုကို Facebook ၏ မိခင်ကုမ္ပဏီ Meta က ဖယ်ရှား ပိတ်ပင်လိုက်ကြောင်း သိရသည်။

အဆိုပါ လုပ်ဆောင်ချက်သည် ၂၀၂၁ ခုနှစ်တွင် စတင်ချမှတ်ခဲ့သည့် စစ်တပ်ထိန်းချုပ် စီးပွားရေး လုပ်ငန်းများနှင့် မီဒီယာများကို ပိတ်ပင်သည့် မူဝါဒနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး Justice For Myanmar (JFM) ၏ ပေးပို့တိုင်ကြားမှုများပြီးနောက် ယခုကဲ့သို့ အရေးယူခဲ့ခြင်းဖြစ်သည်။

ဖယ်ရှားလိုက်သည့် အကောင့်အများစုမှာ မိုင်တဲလ် (Mytel) ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို အရောင်းမြှင့်တင်နေသည့် အကောင့်များဖြစ်ပြီး စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့၏ လက်အောက်ခံ လုပ်ငန်းများဖြစ်သည့် တယ်လီ ကွန်းကွန်ရက် MECtel ၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်၊ ဆင်မင်းဘိလပ်မြေ၊ မြန်မာဘီယာ၊ ဒဂုန်ဘီယာ၊ နန်းမြိုင်ကဖီးနှင့် Indoor Skydiving စသည့် အမှတ်တံဆိပ်များနှင့် ဆက်စပ်အကောင့်များ ပါဝင်သည်။

ထိုသို့ ဝါဒဖြန့်ချိရေး အကောင့်များ စီးပွားရေးလုပ်ငန်းများအပြင် စစ်တပ်အတွက် ဝါဒဖြန့်ပေးနေသည့် “a Light for Justice 3″၊ “News Service Station” နှင့် “Myanmar Information Community” စသည့် စာမျက်နှာများကိုလည်း စစ်ရာဇဝတ်မှုများကို အားပေးကူညီနေမှုဖြင့် ဖယ်ရှားခဲ့သည်။

Justice For Myanmar က ထိုသို့သတင်းပေးပို့ခဲ့သူများကို ကျေးဇူးတင်ရှိကြောင်း ပြောဆိုထားပြီး Meta ကဲ့သို့ပင် Alphabet (Google)၊ Apple၊ TikTok နှင့် Telegram တို့အနေဖြင့်လည်း မြန်မာစစ်တပ်၏ စီးပွား ရေးနှင့် ဝါဒဖြန့်အကောင့်များကို ချက်ချင်းပိတ်ပင်ရန် ထပ်မံတောင်းဆိုထားသည်။

စစ်ကော်မရှင်သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် လိုအပ်သော ရန်ပုံငွေများကို အဆိုပါစီးပွားရေးလုပ်ငန်းများမှ ရရှိနေခြင်းဖြစ်ပြီး ယခုကဲ့သို့ လူမှုကွန်ရက် စာမျက်နှာများ ပိတ်ပင်ခံရခြင်းမှာ ၎င်းတို့၏ စျေးကွက်ရှာဖွေရေးနှင့် ဝါဒဖြန့်ယန္တရားအတွက် ကြီးမားသည့် ထိုးနှက်ချက်ပင်ဖြစ်သည်။

ဓာတ်ပုံ-Justice For Myanmar

#PSM_News

#Facebook

#JusticeForMyanmar

#MEHL

#စစ်တပ်စီးပွားရေး

#အကောင့်ပိတ်သိမ်းမှု

By Htet Ko