PSM News ဇန်နဝါရီ ၂၈၊ ၂၀၂၆ မြန်မာစစ်ကော်မရှင်က ဦးစီးကျင်းပပြီး ၎င်းတို့၏ ကျောထောက်နောက်ခံပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အနိုင်ရရှိကြောင်း ကြေညာခဲ့သည့် ရွေးကောက်ပွဲကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) က ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး၊ ယင်းရွေးကောက်ပွဲမှာ လုံးဝတရားမဝင်ကြောင်း ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အဆင့်ဆင့် မဲပေးမှုများ ပြီးဆုံးခဲ့သည့် ယင်းရွေးကောက်ပွဲရလဒ်မှာ ကြိုတင်ခန့်မှန်းထားသည့်အတိုင်းသာ ဖြစ်ပေါ်လာခဲ့ကြောင်း APHR က ထောက်ပြထားသည်။ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းယူကာ ပြည်သူများအပေါ် အကြမ်းဖက်နှိပ်ကွပ်မှုများ ဆက်လက်လုပ်ဆောင်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများက ကိုယ်တိုင်ကြီးမှူးကျင်းပသည့် ရွေးကောက်ပွဲဖြစ်သောကြောင့် ဂုဏ်သိက္ခာရှိပြီး ယုံကြည်နိုင်သော ရွေးကောက်ပွဲတစ်ရပ်အဖြစ် သတ်မှတ်၍ မရနိုင်ကြောင်း ဖော်ပြထားသည်။ ရွေးကောက်ပွဲအပေါ် APHR ၏ အဓိကတွေ့ရှိချက်များ APHR ၏ ရွေးကောက်ပွဲဆိုင်ရာ လေ့လာတွေ့ရှိချက်များအရ ယခုရွေးကောက်ပွဲတွင် အောက်ပါ အရေးပါသည့် အားနည်းချက်များကို တွေ့ရှိခဲ့ကြောင်း ဆိုသည်— ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်ပါက မဲပေးသူဦးရေ သိသိသာသာ လျော့နည်းခဲ့သည်။ ယင်းမှာ ပြည်သူများ စိတ်မဝင်စားခြင်းကြောင့် မဟုတ်ဘဲ၊ ကြောက်ရွံ့မှုများနှင့် စစ်ရေးပဋိပက္ခများ ပြင်းထန်နေသည့် ဒေသများတွင် မဲပေးရန် လက်တွေ့မဖြစ်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။ ခြိမ်းခြောက်မှုနှင့် ဖိအားပေးမှုများ ကြောင့် ပြည်သူအများစုမှာ လက်တုံ့ပြန်ခံရမည်ကို စိုးရိမ်သဖြင့်သာ မဲပေးခဲ့ရပြီး၊ တိုက်ပွဲများနှင့် စစ်ကောင်စီ၏ ကန့်သတ်ချက်များကြောင့် မဲမပေးနိုင်ခဲ့သူများလည်း အမြောက်အမြား ရှိခဲ့ကြောင်း ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်များကို ဆက်လက်ဖမ်းဆီးထားခြင်း၊ ပါတီများကို ဖျက်သိမ်းခြင်းနှင့် ပါဝင်ခွင့် ပိတ်ပင်ခြင်းများ ကြောင့် ယင်းရွေးကောက်ပွဲသည် လွတ်လပ်မှုနှင့် တရားမျှတမှု လုံးဝမရှိကြောင်း APHR က သတ်မှတ်ထားသည်။ APHR ၏ ထုတ်ပြန်ချက်အရ စစ်ကော်မရှင်သည် ရွေးကောက်ပွဲကို အသုံးချကာ ၎င်းတို့၏ စစ်အာဏာရှင်စနစ်ကို သက်တမ်းတိုးရန်နှင့် စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူရမှုမှ လွတ်မြောက်စေရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သတိပေးထားသည်။ ထုတ်ပြန်ချက်တွင် “နိုင်ငံတကာအစိုးရများနှင့် ဒေသတွင်းအဖွဲ့အစည်းများအနေဖြင့် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြုသင့်သလို၊ ပုံမှန်အခြေအနေကဲ့သို့ ဆက်ဆံခြင်းမျိုးလည်း မပြုလုပ်သင့်ပါ” ဟု ဖော်ပြထားသည်။ အာဆီယံ၏ အခန်းကဏ္ဍ ၂၀၂၆ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် ယင်းရွေးကောက်ပွဲရလဒ်ကို တရားဝင် ငြင်းပယ်ရေးအတွက် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်း APHR က တောင်းဆိုထားသည်။ ထို့အပြင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ အရပ်သားများအား ကာကွယ်ရေး အတွက် အာဆီယံအနေဖြင့် ပိုမိုတင်းကျပ်သော ဖိအားပေးမှုများ ပြုလုပ်သင့်ကြောင်းလည်း အလေးပေး ပြောကြားထားသည်။ APHR က အာဆီယံအဖွဲ့အနေဖြင့် ခေတ်မမီတော့သည့် “ပြည်တွင်းရေး မစွက်ဖက်ရေး” မူဝါဒကို ကျော်လွန်ကာ မြန်မာပြည်သူများ၏ ဒီမိုကရေစီနှင့် တရားမျှတမှုအတွက် အမှန်တကယ် လက်တွေ့ကျကျ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ထပ်မံ တိုက်တွန်းထားသည်။ ကိုးကား — APHR #စစ်ကော်မရှင် #ရွေးကောက်ပွဲရလဒ် #အရှေ့တောင်အာရှ #လွှတ်တော်အမတ်များ #တရားမဝင်_ပယ်ချ #𝐏𝐒𝐌_𝐍𝐞𝐰𝐬 Post navigation စစ်ကော်မရှင်၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ဟန့်တားရန်အတွက် KNLA အထူးတပ်ဖွဲ့က ဒရုန်းဖြင့် ဆက်တိုက်တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ ဦးအပါအဝင် ထိခိုက်သေဆုံးမှုများရှိ စစ်အုပ်စု၏ စီးပွားရေးနှင့် ဝါဒဖြန့်ချိရေး အကောင့်ပေါင်း ၂၇၀ ကို Facebook ပေါ်မှ ဖယ်ရှား