PSM(News) ဇန်နဝါရီ ၂၉၊ ၂၀၂၆ ကရင်နီပြည်၊ မယ်စဲ့အကျဉ်းထောင်မှ စစ်သုံ့ပန်းများနှင့် အကျဉ်းသားများ ထွက်ပြေးလွတ်မြောက် ခဲ့သည့် ဖြစ်စဉ်အတွက် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ပြည်သူများကို တောင်းပန်လိုက်ပြီး ဖြစ်စဉ်တွင် ပူးပေါင်းပါဝင်ခဲ့သည့် ထောင်ဝန်ထမ်း ၂ ဦးကို တရားစွဲဆိုထားကြောင်း ယနေ့ ဇန်နဝါရီ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည်။ မယ်စဲ့အကျဉ်းထောင်မှနေ၍ စစ်သုံ့ပန်း ၇၆ ဦး၊ ထောင်ဝန်ထမ်း ၂ ဦးနှင့် မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ကျနေသူ ၅ ဦး စုစုပေါင်း ၈၃ ဦးတို့သည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်က ထွက်ပြေးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အနက် ၈ ဦးကို အသေဖမ်းမိပြီး ၂ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကာ ကျန်ရှိသူအချို့မှာ ထိုင်းစစ်တပ်ထံ လက်နက်ချခဲ့ကြောင်း သိရသည်။ IEC ၏ စုံစမ်းစစ်ဆေးချက်အရ ယခုထောင်ဖောက်မှုမှာ အတွင်းအပြင် ချိတ်ဆက်မှုများဖြင့် သုံးလခန့် ကြိုတင်ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ ထောင်ဖောက်ပြေးသူ အကျဉ်းသားများသည် ၈ ဦးမှ ၁၀ ဦးစီ အုပ်စုဖွဲ့၍ နယ်စပ်ဖြတ်ကျော်ရန် ဆုံမှတ်များ သတ်မှတ်ခြင်း၊ ဖုန်းဆင်းကတ်များ ကြိုတင်စီမံခြင်းနှင့် ပြန်လည်ခုခံရန် လက်နက်နှင့် ရိက္ခာများ ယူဆောင်ခြင်းတို့ကို စနစ်တကျ လုပ် ဆောင်ခဲ့ကြသည်။ IEC သည် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အကျဉ်းသားများ လွတ်မြောက်ရန် ပူးပေါင်းပါဝင်ခဲ့သည့် ထောင် အမှုထမ်း ၂ ဦးကို ပြစ်မှုဆိုင်ရာဥပဒေဖြင့် အမှုဖွင့် တရားစွဲဆိုထားပြီး ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေးအတွက် အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းကာ ဆောင်ရွက်နေကြောင်း သိရသည်။ ထို့ပြင် အကျဉ်းထောင် ဝန်ထမ်းအင်အား ဖြည့်တင်းခြင်း၊ အဆောက်အဦး ပြင်ဆင်ခြင်းနှင့် နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေအတိုင်း စီမံခန့်ခွဲရန် နည်းပညာနှင့် ရန်ပုံငွေ အကူအညီများ ဖိတ်ခေါ်သွား မည်ဖြစ်ကြောင်း IEC က ဆိုထားသည်။ IEC အနေဖြင့် ယခုဖြစ်ရပ်အတွက် ကရင်နီပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများကို အလေးအနက် တောင်းပန်ပါကြောင်းနှင့် တာဝန်ယူ၊ တာဝန်ခံမှုအပြည့်ဖြင့် ဆက်လက်ဆောင်ရွက် သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဓာတ်ပုံ-လူမှုကွန်ရက် #မယ်စဲ့အကျဉ်းထောင် #IEC #စစ်သုံ့ပန်း #ထောင်ဖောက်မှု #ကရင်နီပြည် #စုံစမ်းစစ်ဆေးရေး #PSM_News Post navigation မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာသူများအတွက် ဒိန်းမတ်နိုင်ငံက ယူရို ၂.၉ သန်း ထပ်မံလှူဒါန်း မြန်မာ့ဒီမိုကရေစီအရေး ၅ နှစ်ပြည့် အထိမ်းအမှတ် “The Coup Years” ဓာတ်ပုံပြပွဲ ဘန်ကောက်တွင် ကျင်းပ