PSM(NEWS) ဇန်နဝါရီ ၂၉၊ ၂၀၂၆ မြန်မာနိုင်ငံ၏ ပဋိပက္ခများအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့သော အဖြေတစ်ခုရရှိစေရန် မြန်မာကိုယ်တိုင် ဦးဆောင်ပြီး မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် ဖော်ဆောင်သည့် လမ်းစဉ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ထပ်လောင်းအတည်ပြု ပြောကြားလိုက်သည်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေး (AMM Retreat) နှင့်အတူ ကျင်းပသည့် ဘုံသဘောတူညီချက် ၅ ချက်အကောင်အထည်ဖော်မှုဆိုင်ရာ တိုးချဲ့အလွတ်သဘော တိုင်ပင်ဆွေးနွေးပွဲတွင် ထိုကဲ့သို့ ကတိကဝတ်ပြုခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဖြစ်သူ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရို က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ လာဇာရိုက သူမ၏ X လူမှုကွန်ရက်စာမျက်နှာတွင် “ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်မှုနဲ့ ပတ်သက်ပြီး အမြင်ချင်းဖလှယ်ခဲ့ကြသလို ရှေ့ဆက်ရမယ့် လမ်းစဉ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာကပဲ ဦးဆောင်ပြီး မြန်မာကပဲ ပိုင်ဆိုင်တဲ့ ငြိမ်းချမ်းတဲ့ ရေရှည်အဖြေတစ်ခု ရှာဖွေနိုင်ဖို့ အာဆီယံရဲ့ စုပေါင်းစိတ်ဓာတ်ကို ထပ်လောင်းအတည်ပြုနိုင်ခဲ့ပါတယ်” ဟု ရေးသားဖော်ပြခဲ့သည်။ ဆွေးနွေးပွဲအခြေအနေနှင့် ပတ်သက်၍ အာဆီယံသံတမန်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ GMA News Online က ဖော်ပြရာတွင် ဆွေးနွေးမှုများမှာ “ကောင်းမွန်” ခဲ့ကြောင်းနှင့် အထူးသံတမန်အဖြစ် လာဇာရို၏ အခန်းကဏ္ဍအပေါ် အားလုံးက ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။ လာဇာရိုသည် ယခုလအစောပိုင်းတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။ “ဖိလစ်ပိုင်နိုင်ငံအနေနဲ့ အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားတဲ့ကာလအတွင်းမှာ အရင်အထူးသံတမန်တွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အခြေခံပြီး ဘုံသဘောတူညီချက် ၅ ချက် ပိုမိုထိရောက်လာအောင် ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု လာဇာရိုက ပြောကြားခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ကိုးကား New Straits Times #ဖိလစ်ပိုင်နိုင်ငံ #အာဆီယံဥက္ကဋ္ဌ #အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ #ငြိမ်းချမ်းရေးလမ်းစဉ် #ကတိကဝတ်ပြု #ဘုံသဘောတူညီချက်_၅_ချက် #PSM_News Post navigation လောင်းလုံးမြို့မရဲစခန်းနှင့် စရဖရုံးကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဒုရဲအုပ် ၁ ဦးအပါအဝင် ၆ ဦးသေဆုံး မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာသူများအတွက် ဒိန်းမတ်နိုင်ငံက ယူရို ၂.၉ သန်း ထပ်မံလှူဒါန်း