PSM (News) ဇူလိုင် ၂၈ ၊ ၂၀၂၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့ပေါ်ရှိ လူနေရပ်ကွက်များကို အာဏာလု စစ်တပ်က ယနေ့ ဇူလိုင် ၂၈ ရက်နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ပြည်သူများ ထိခိုက်သေဆုံး ခဲ့ရပြီး ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင်လည်း စာသင်ကျောင်းတစ်ကျောင်းနှင့် အိမ်ခြေ ၁၂ လုံး ပျက်စီး ခဲ့ကြောင်း သိရသည်။ ယနေ့ ဇူလိုင် ၂၈ ရက် နံနက် ၁၁ နာရီခန့်တွင် တံတားဦးလေတပ်မှ တက်လာသော တိုက်လေယာဉ် တစ်စင်းသည် မဘိမ်းမြို့၊ ရပ်ကွက် (၂) နှင့် ရပ်ကွက် (၃) တို့အား ဗုံး နှစ်ကြိမ် ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးခဲ့ရပြီး နေအိမ်၊ မော်တော်ယာဉ်နှင့် ပြည်သူပိုင်ပစ္စည်းများစွာ ပျက်စီးခဲ့ရသည်။ “သေဆုံးထိခိုက်မှုစာရင်းနဲ့ ပျက်စီးမှုသတင်းတွေကို အခုမှ ကောက်ယူနေတုန်းပါ။ အပျက်အစီး များတယ်။ လူသေဆုံးမှုလည်း ရှိပါတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က PSM ကိုပြောသည်။ အလားတူ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ထီးလော်သီးထာကျေးရွာကိုလည်း ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်နေ့တွင် စစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ရာ ထီးလော်သီးထာ မူလတန်းကျောင်းဆောင်များ၊ ကျောင်းသုံးစာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများ ပျက်စီးခဲ့ရပြီး ပြည်သူပိုင်နေအိမ် ၁၂ လုံးနှင့် မွေးမြူရေးတိရစ္ဆာန်အချို့ပါ သေဆုံးခဲ့ရသည်။ အာဏာလု စစ်အုပ်စုသည် ငြိမ်းချမ်းရေးအကြောင်း ပြောဆိုနေသော်လည်း လက်တွေ့တွင် စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံနှင့် ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းတို့ဖြင့် ဆက်တိုက် ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း ဒေသခံများက ဆိုသည်။ ယခုကဲ့သို့ စာသင်ကျောင်းများ ပစ်မှတ်ထား ဖျက်ဆီးခံရမှုကြောင့် ကလေးငယ်များ၏ ပညာ သင်ကြားခွင့် ဆုံးရှုံးနေရပြီး ဒေသခံများမှာလည်း ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများအောက် ရောက်ရှိ နေရကြောင်း ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) က ထုတ်ပြန်ထားသည်။ သို့ဖြစ်ပါ၍ အရပ်သားများနှင့် ပညာရေးအဆောက်အအုံများအပေါ် ထိခိုက်စေသည့် အာဏာလု စစ်အုပ်စု၏ ရာဇဝတ်မှုကျူးလွန်သူများကို ထိရောက်စွာ အရေးယူပေးရန်နှင့် အပြစ်မဲ့ပြည်သူများ ဆက်လက် ထိခိုက်မှုမရှိစေရန်အတွက် အမြန်ဆုံး အရေးယူဆောင်ရွက်ပေးပါရန် KECD နှင့် ဒေသခံများက နိုင်ငံတကာအသိုင်းအဝိုင်းထံ တောင်းဆိုသည်။ ဓာတ်ပုံ- CJ ပုံစာ-ပုံစာ-မဘိမ်းလေကြောင်းကြောင့်အရပ်သားသေဆုံးမှု မြင်ကွင်း၊ Post navigation ဆောမြို့နယ်သို့ ထိုးစစ်ဆင် စစ်ကြောင်းထိုးလာသည့် အာဏာလုစစ်တပ် ၂ ကြိမ်တိုင် အထိနာ ဆုတ်ခွာခဲ့ရ၊ စစ်သုံ့ပန်း ၉ ဦး အပါအဝင် လက်နက်ခဲယမ်း နှင့် ကား ၃ စီးကို PDF များ သိမ်းဆည်းရမိ ဖောင်းပြင်တွင် စစ်တပ်က လေကြောင်းနှင့် ချင်းတွင်းမြစ်တွင်းမှ စစ်သင်္ဘောများဖြင့် ပစ်ခတ်၍ အရပ်သား တစ်ဦး သေဆုံးပြီး နေအိမ် ၄၀ ခန့် မီးလောင်ပြာကျ