PSM(News)

ဇူလိုင် ၂၈၊ ၂၀၂၆

မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းသို့ ထိုးစစ်ဆင်လာသည့် အာဏာလုစစ်တပ် စစ်ကြောင်းများသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ခုခံတိုက်ခိုက်မှုကြောင့် ၂ ကြိမ်တိုင်တိုင် အထိနာဆုတ်ခွာ သွားကြောင်း PDF စစ်ရုံးချုပ်က ယနေ့ ဇူလိုင် ၂၈ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်သုံ့ပန်း ကိုး ဦး ကို အရှင် ဖမ်းဆီးရမိခဲ့ပြီး ရိက္ခာတင်ကား သုံး စီးနှင့် လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း PDF စစ်ရုံးချုပ်ထံမှ သိရသည်။

အာဏာလုစစ်အုပ်စု၏ တပ်မ (၉၉) ဦးစီးသည့် အင်အား ၃၀၀ ဝန်းကျင်ပါ စစ်ကြောင်းသည် ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်က ဆောမြို့နယ်၊ လောင်းရှည်တိုက်နယ် (ခွဲ) မှ ဆောမြို့သို့ ထိုးစစ်ဆင်လာစဉ် PDF ခရိုင်စစ်ဌာနများနှင့် တပ်ရင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အထိနာပြီး လောင်းရှည်မြို့သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်။

ထို့နောက် PDF တပ်ဖွဲ့များက လိုက်လံတိုက်ခိုက်၍ နယ်မြေရှင်းလင်းမှုများလုပ်ဆောင်ခဲ့ရာတွင် ခဲယမ်းနှင့် ရိက္ခာတင်ကား သုံး စီး အပါအဝင် စစ်အသုံးအဆောင် ပစ္စည်းများကို ပထမအကြိမ် သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ စစ်ကြောင်းသည် ဇူလိုင် ၂၅ ရက်တွင်လည်း လေကြောင်းပစ်ကူ ရယူ၍ အင်အား ၁၈၀ ဝန်းကျင်ဖြင့် ဒုတိယအကြိမ် ထပ်မံထိုးစစ်ဆင်လာခဲ့သည်။ သို့သော် PDF မကွေးတိုင်းစစ်ဌာန တပ်ဖွဲ့များ၏ အပြင်းအထန် ခုခံတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ စစ်သုံ့ပန်း ကိုးဦးကို ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ပြီး ဒုတိယအကြိမ် ထပ်မံအထိနာကာ ဆုတ်ခွာသွားကာ လက်ရှိအချိန်ထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။

တပ်ပျက်ဆုတ်ခွာသွားသော အာဏာလုစစ်အုပ်စု စစ်ကြောင်းထံမှ MA-1၊ MA-3၊ ရှော့ဂန်း၊ RPG အပါအဝင် သေနတ် ကိုး လက်၊ လက်နက်ကြီးကျည် ပေါင်း ၂၀၀ ကျော်၊ ကျည်ဆန်မျိုးစုံ ၇,၅၀ဝ ကျော်၊ မိုင်းမျိုးစုံနှင့် ဒရုန်းဗုံးသီးများကို သိမ်းဆည်းရမိခဲ့သည်။ ထို့ပြင် ဒရုန်းနှောင့်ယှက်စက် (Drone Jumper)၊ Controller၊ Starlink စက်တစ်လုံး၊ ဆေး နှင့် ရိက္ခာများပါ သိမ်းဆည်းရရှိခဲ့ကြောင်း PDF စစ်ရုံးချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ-ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန

By Htet Ko