PSM(News)

ဇူလိုင် ၂၇ ၊ ၂၀၂၆

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို အာဏာလုစစ်တပ်က ဇူလိုင် ၂၇ ရက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကိုင်းမြို့နယ်၌ ဒေသခံ ဇနီးမောင်နှံ နှစ်ဦး သေဆုံးကာ စာသင်ကျောင်းနှင့် နေအိမ်များ ထိမှန်ပျက်စီးပြီး ဝက်လက်မြို့နယ်အတွင်းသို့လည်း တိုက်လေယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် ၂၇ ရက် နံနက်အစောပိုင်း သန်းခေါင်ယံ ၁၂ နာရီကျော်တွင် တံတားဦးလေတပ်မှ ပျံတက်လာသော အာဏာလုစစ်တပ်၏ ဂျက်ဖိုက်တာတစ်စီးသည် စစ်ကိုင်းမြို့နယ်၊ တလိုင်းကျွန်း ကျေးရွာရှိ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အိပ်ပျော်နေသည့် အသက် (၄၅) နှစ်အရွယ် ဦးဒေါင်းလင်း နှင့် အသက် (၄၄)နှစ်အရွယ် ဒေါ်စန်းလွင် တို့ ဇနီးမောင်နှံ သေဆုံးခဲ့ပြီး စာသင်ကျောင်းဆောင် လေးဆောင်၊ လူနေအိမ် သုံး လုံးနှင့် နွားတစ်ကောင် ပျက်စီးဆုံးရှုံးခဲ့သည်။

“အကုန်လုံးက အိပ်ပျော်နေချိန်ဆိုတော့ ဘယ်သတိထားမိမလဲ။ အိပ်ကောင်းနေတဲ့ အချိန်ကြီးကို လေကြောင်း တိုက်ခိုက်သွားတာ ပြေးချိန်တောင် မရလိုက်ဘူး” ဟု ဒေသခံပြည်သူတစ်ဦးက PSM ကို ပြောသည်။

ထို့ပြင် ဇူလိုင် ၂၇ ရက် နံနက် ၁၀ နာရီ ၂၂ မိနစ်နှင့် ၁၀ နာရီ ၂၉ မိနစ်တို့တွင်လည်း ဝက်လက်မြို့နယ် အရှေ့ခြမ်း ကူကြီးရွာအနောက်ဘက် မန်းကျည်းကုန်းတောတိုက် အနီးသို့ JF-17 အမျိုးအစား တိုက်လေယာဉ် နှစ်စင်းဖြင့် ၂ ကြိမ်တိုင်တိုင် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ “ကျွန်တော်တို့ ကြားရသလောက်ကတော့ ပဏာမအဆင့် ထိခိုက်မှု မရှိဘူးလို့ သိရတယ်။ အသေးစိတ် သိရအောင်တော့ ထပ်မံစုံစမ်းနေပါတယ်” ဟု Wetlet Informational Network မှ တာဝန်ရှိသူက ဆိုသည်။

ဓာတ်ပုံ-CJ

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed