PSM (News) ဇွန် ၂၈ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းသို့ ယနေ့ ဇွန်လ ၂၈ ရက်နေ့တွင် အာဏာလုစစ်အုပ်စုက လေကြောင်းမှ နှစ်ကြိမ်တိုင်တိုင် ရက်စက်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် နှစ် ဦး အပါအဝင် ဒေသခံအရပ်သားပြည်သူ ခုနစ် ဦး နေရာ၌ပင် သေဆုံးခဲ့ပြီး အခြားကလေးငယ် တစ် ဦးအပါအဝင် ပြည်သူ ငါး ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။ ယနေ့ နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် မန္တလေး တံတားဦးလေတပ်စခန်းမှ ပျံတက်လာသည့် ဂျက်ဖိုက်တာ စစ်လေယာဉ်တစ်စီးက စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာသို့ လေကြောင်းမှ ရုတ်တရက် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် တလိုင်းရွာရှိ ကလေးငယ် နှစ် ဦးအပါအဝင် ပြည်သူ ခုနစ် ဦး ထိမှန်သေဆုံးခဲ့ရပြီး ပြင်းထန်ဒဏ်ရာရရှိသူ ငါး ဦးကိုလည်း ဆေးဝါးကုသမှုပေးနိုင်ရန် ကြိုးပမ်းနေရကြောင်း မြေပြင်သတင်းထုတ်ပြန်ချက်များအရ သိရသည်။ ယင်းမတိုင်မီ ယနေ့ မွန်းတည့် ၁၂ နာရီခန့်ကလည်း မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ဘက်မှ ပျံတက်လာသည့် Mi-35 စစ်ရဟတ်ယာဉ်တစ်စီးသည် စစ်ကိုင်းမြို့နယ်နှင့် ဝက်လက်မြို့နယ်အစပ်ရှိ အမှတ် (၃) ခရိုင်ချင်းဆက်လမ်းဆုံသို့ လာရောက်ကာ လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ် ပြုလုပ်သွားခဲ့ကြောင်း သိရသည်။ PSM News အနေဖြင့် ယနေ့အတွင်း စစ်ကိုင်းမြို့နယ်တွင် အာဏာလုစစ်အုပ်စု၏ လူမဆန်သော လေကြောင်း တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ပျက်စီးဆုံးရှုံးမှု အခြေအနေအသေးစိတ်ကို သိရှိနိုင်ရန် တော်လှန်ရေးအင်အားစုများနှင့် မြေပြင်တာဝန်ရှိသူများထံ ချိတ်ဆက်၍ ဆက်လက်စုံစမ်း လျက် ရှိသည်။ Post navigation ရေကြည်မြို့နယ်ရှိ အာဏာလုစစ်အုပ်စု၏ စစ်ဗျူဟာမြောက် ပွိင့်ကုန်း ၃ ကုန်းကို AA က ဆက်တိုက် တိုက်ခိုက်ပြီး သိမ်းပိုက်၊ အလောင်းများနှင့် လက်နက်ခဲယမ်းအမြောက်အမြား ရရှိ စစ်ကိုင်းတွင် တိုက်ပွဲမရှိဘဲ ရွာပေါ်သို့ စစ်အုပ်စုက ဗုံးကြဲသဖြင့် ဒဏ်ရာရသူတစ်ဦး ထပ်မံသေဆုံးကာ ကလေး ၄ ဦးအပါအဝင် ၈ ဦးအထိ သေဆုံးမှုမြင့်တက်လာ