PSM(News) ဇွန် ၂၈၊ ၂၀၂၆ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အတွင်းရှိ အာဏာလုစစ်အုပ်စု၏ စစ်ဗျူဟာမြောက် အခြေစိုက်စခန်းများဖြစ်သည့် ပွိင့် (၂၈၈) ကုန်း၊ ပွိင့် (၁၈၈) ကုန်းနှင့် ပွိင့် (၁၄၈) ကုန်းတို့ကို အာရက္ခတပ်တော် (AA) က ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး အလောင်းအချို့နှင့် လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့ကြောင်း AA က ဇွန်လ ၂၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ အာရက္ခတပ်တော် (AA)သည် အာဏာလုစစ်အုပ်စု၏ ထိုးစစ်များကို အကောင်းဆုံး ခုခံစစ်များနှင့်အတူ တန်ပြန်တိုက်စစ်ဆင်ခဲ့ရာ ပြီးခဲ့သည့် ဇွန် ၁၇ ရက်နေ့တွင် ပွိင့် (၂၈၈) ကုန်းကိုလည်းကောင်း၊ ဇွန် ၁၉ ရက်နေ့တွင် ပွိင့် (၁၈၈) ကုန်းကိုလည်းကောင်း၊ ဇွန် ၂၁ ရက်နေ့တွင် ပွိင့် (၁၄၈) ကုန်းတို့ကိုလည်းကောင်း ရက်ပိုင်းအတွင်း တစ်ခုပြီးတစ်ခု ဆက်တိုက် တိုက်ခိုက်ချေမှုန်း သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် အာဏာလုစစ်အုပ်စုနှင့် AA တို့အကြား ရခိုင်-ဧရာဝတီအစပ်၌ တိုက်ပွဲများ ပိုမိုပြင်းထန်နေပြီး စစ်အုပ်စုသည် ဂွမြို့နယ်အတွင်းသို့ ဝင်ရောက်နိုင်ရန်အတွက် လေကြောင်းမှ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေသည့်အပြင် ကုန်းလမ်း၊ ရေလမ်းတို့မှလည်း နည်းလမ်းမျိုးစုံဖြင့် ထိုးဖောက်ရန် ကြိုးစားလျက်ရှိသည်။ အဆိုပါထိုးစစ်အတွက် စစ်အုပ်စုသည် ၎င်းတို့၏ (၃၄၄) အမြောက်တပ်နှင့် ပုသိမ်အခြေစိုက် တပ်ရင်းများမှ ထုတ်နုတ်အင်အား ၄၀၀ ကျော်ကို အသုံးပြုကာ ကြိမ်ဖန်များစွာ အပြင်းအထန် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။ တစ်ပြိုင်နက်တည်းတွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေမြို့၊ ကျောက်ဖြူမြို့ ပတ်ဝန်းကျင်များအပြင် ရခိုင်-မကွေးအစပ်၊ ရခိုင်-ပဲခူးအစပ်၊ ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော ချင်းပြည်နယ် မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့အစပ် နေရာများအပါအဝင် AA တပ်ဖွဲ့ဝင်များ လှုပ်ရှားရာ နေရာအနှံ့အပြားတွင်လည်း အာဏာလုစစ်အုပ်စုက လူလှိုင်းစစ်ဗျူဟာ အသုံးပြုကာ ထိုးစစ်ဆင်နေသောကြောင့် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဓာတ်ပုံ – AA Info Desk ပုံစာ-ရေကြည်မြို့နယ်ရှိ ပွိင့်ကုန်း ၃ ကုန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ Post navigation ဆောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အာဏာလုစစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲ၍ အရပ်သား ၄ ဦး သေဆုံး စစ်ကိုင်းမြို့နယ်တွင် အာဏာလုစစ်အုပ်စုက လေကြောင်းမှ ၂ ကြိမ်ဗုံးကြဲ၊ ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၇ ဦး သေဆုံးပြီး ၅ ဦး ပြင်းထန်ဒဏ်ရာရ