PSM(News) ဇွန် ၂၈၊ ၂၀၂၆ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသ ဆောမြို့နယ်အတွင်းသို့ အာဏာလုစစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား လေးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိသွားကြောင်း ဂန့်ဂေါခရိုင်တပ်ရင်း (၆) ထံမှ သိရသည်။ အာဏာလုအစိုးရစစ်တပ်သည် ယမန်နေ့ ဇွန် ၂၇ ရက် ညနေ ၅ နာရီ၃၀မိနစ်ကျော်ခန့်တွင် ဆောမြို့နယ်၊ နတ်ကောင်းကျင်းကျေးရွာနှင့် ရွာအနီးဝန်းကျင်တို့ကို တိုက်ပွဲဖြစ်ပွားခြင်းတစ်စုံတစ်ရာ မရှိဘဲ လေကြောင်းမှနေ၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိမြေပြင်စစ်ရေးအခြေအနေနှင့်ပတ်သက်၍ “ဆောနယ်ကနေ ချင်းပြည်နယ်ကို အင်အားထောင်ဂဏန်းလောက်နဲ့ စစ်ကြောင်းထိုးနေတာပါ။ ဆောကနေ ကန်ပက်လက်၊ ကျောက်ထုဘက်ကနေ မင်းတပ် စစ်ကြောင်း ၂ ကြောင်း ပါပါတယ်” ဟု ဂန့်ဂေါခရိုင်တပ်ရင်း (၆) မှ တာဝန်ရှိသူတစ်ဦးက PSM ကိုပြောသည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား လေးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရကာ၊ ဒဏ်ရာရ သူများတွင် စိုးရိမ်ရသူများပါဝင်နေပြီး အိမ်အချို့ မီးလောင် ပျက်စီးသွားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ လက်ရှိတွင် အာဏာလုစစ်အုပ်စုသည် ဆောမြို့နှင့် လောင်းရှည်ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၂၅ သို့ စစ်အင်အားများ ဖြည့်တင်းပို့ဆောင်ကာ ထိုမှတစ်ဆင့် ချင်းပြည်နယ် ကန်ပက်လက်မြို့ဘက်သို့ စစ်ကြောင်းထိုးရန် ကြိုးပမ်းနေသဖြင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။ အဆိုပါ စစ်ရေးအခြေအနေများကြောင့် ပြည်သူများ ဘေးကင်းလုံခြုံစေရန်အတွက် သီးကုန်း-လောင်းရှည် လမ်းပိုင်း၊ ပိန်းချောင်း-လောင်းရှည် လမ်းပိုင်း နှင့် အင်ဘူး-လောင်းရှည် လမ်းပိုင်းများကို သွားလာခွင့် ယာယီပိတ်ထားကြောင်း ဂန့်ဂေါခရိုင် တပ်ရင်း (၆) က ဇွန်လ ၂၄ ရက်နေ့တွင် ဒေသန္တရကြေညာချက် ထုတ်ပြန်ထားသည်။ အာဏာလုစစ်အုပ်စုသည် ပြီးခဲ့သည့် ဧပြီလနှောင်းပိုင်းမှ စတင်ကာ ချင်းပြည်နယ်နှင့် နယ်မြေချင်း ထိစပ်နေသည့် ယောဒေသသို့ အင်အားထောင်ချီ ပို့လွှတ်ပြီး၊ ဆောမြို့နှင့် ကျောက်ထုမြို့တို့ကို အခြေပြုကာ ၎င်းတို့လက်လွှတ်ထားရသည့် ချင်းပြည်နယ်တောင်ပိုင်းရှိ ကန်ပက်လက်မြို့နှင့် မင်းတပ်မြို့တို့ကို ပြန်လည်ရရှိရန် ပြင်းထန်စွာ ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။ Post navigation သီပေါတွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် တရားခံကို SSPP/SSA ဖမ်းဆီး ရေကြည်မြို့နယ်ရှိ အာဏာလုစစ်အုပ်စု၏ စစ်ဗျူဟာမြောက် ပွိင့်ကုန်း ၃ ကုန်းကို AA က ဆက်တိုက် တိုက်ခိုက်ပြီး သိမ်းပိုက်၊ အလောင်းများနှင့် လက်နက်ခဲယမ်းအမြောက်အမြား ရရှိ