PSM (NEWS)

ဇွန် ၂၈၊ ၂၀၂၆

ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘောတစ်စင်း ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း ဗြိတိန်ရေကြောင်းလုံခြုံရေးအေဂျင်စီက စနေနေ့ (ဇွန် ၂၇) တွင် ထုတ်ပြန်သည်။ ယင်းဖြစ်စဉ်မှာ အမေရိကန်နှင့် အီရန်တို့ကြား ကြားဖြတ်ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း အဆိုးရွားဆုံး အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားလာခြင်းဖြစ်သည်။

နှစ်ဖက်စလုံးသည် လေးလကြာပဋိပက္ခကို အဆုံးသတ်ရေး အတွက်လွန်ခဲ့သည့်နှစ်ပတ်က ချုပ်ဆိုခဲ့သောသဘောတူညီချက်ကို အခြားတစ်ဖက်မှ ချိုးဖောက်နေကြောင်း အပြန်အလှန် စွပ်စွဲခဲ့ကြသည်။

ဝါရှင်တန်က ၎င်းတို့အနေဖြင့် အီရန်၏ ပစ်မှတ်များကို ညတွင်းချင်း တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပြီး၊ အီရန်ဘက်ကလည်း ၎င်းတို့အပေါ် အမေရိကန်၏ “ရက်စက်ကြမ်းကြုတ်သည့် လေကြောင်းတိုက်ခိုက်မှုများ” အား တုံ့ပြန်သည့်အနေဖြင့် အမေရိကန်တပ်ဖွဲ့များနှင့် ဆက်နွှယ်သည့် ပစ်မှတ်များကို စနေနေ့တွင် တိုက်ခိုက်ခဲ့ကြောင်း တုံ့ပြန်ခဲ့သည်။

ယအဆိုပါတိုက်ခိုက်မှုများသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ချိုးဖောက်ခြင်းဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

စနေနေ့က ရေနံတင်သင်္ဘော တိုက်ခိုက်ခံရမှုမတိုင်မီ ကြာသပတေးနေ့ကလည်း ကုန်တင်သင်္ဘောတစ်စင်း တိုက်ခိုက်ခံခဲ့ရပြီး၊ ယင်းမှာ နောက်ဆုံးပေါ် တင်းမာမှုများကို အစပြုစေခဲ့ခြင်း ဖြစ်သည်။

ဗြိတိန်၏ UKMTO ရေကြောင်းလုံခြုံရေးအေဂျင်စီ၏ အဆိုအရ စနေနေ့က တိုက်ခိုက်ခံရသည့် သင်္ဘောမှာ သင်္ဘော၏ ကပ္ပတိန်ခန်း ထိခိုက်ပျက်စီးခဲ့သော်လည်း သင်္ဘောသားများအားလုံး ဘေးကင်းကြောင်း သိရသည်။ သင်္ဘောလမ်းကြောင်းများကို စောင့်ကြပ်ပေးနေသည့် ရေတပ်မဟာတစ်ခုမှ ကြီးကြပ်သည့် ရေကြောင်းသတင်းအချက်အလက်ဗဟိုဌာနကလည်း နောက်ဆုံးဖြစ်စဉ်များကြောင့် လုံခြုံရေးခြိမ်းခြောက်မှုအဆင့်ကို မြှင့်တင်ထားကြောင်း ထုတ်ပြန်ခဲ့သည်။

အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားဌာန၏ ဖော်ပြချက်အရ၊ တော်လှန်ရေးအစောင့်တပ်ဖွဲ့သည် အီရန်မှ ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းရန် ကြိုးပမ်းသည့် သင်္ဘောများကို “သတိပေးပစ်ခတ်မှုများ” ပြုလုပ်ခဲ့ပြီး၊ ယခုအခါ သင်္ဘောအများစုသည် ရေလက်ကြားကို ဖြတ်သန်းရန်အတွက် အီရန်ထံမှ ခွင့်ပြုချက်တောင်းခံနေရကြောင်း သိရသည်။

တစ်ဖက်တွင်လည်း အမေရိကန်ရေတပ်၏ အမှတ် ၅ရေတပ်စခန်းကို လက်ခံထားသည့် ဘာရိန်းနိုင်ငံက ၎င်းတို့နယ်မြေအတွင်း အီရန်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး၊ ၎င်းမှာ အချုပ်အခြာအာဏာကို စော်ကားခြင်းနှင့် လုံခြုံရေးကို ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်က အမေရိကန်အနေဖြင့် အပစ်အခဲရပ်စဲရေး သဘောတူညီချက်ကို လိုက်နာထားကြောင်းနှင့် အီရန်ဘက်မှ တိုက်ခိုက်မှုများအတွက် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။ “အီရန်က အပစ်အခဲရပ်စဲရေးစာချုပ်ကို လက်မှတ်ထိုးထားတယ်။ ငါတို့က လိုက်နာထားတယ်။ အပြန်အလှန်အကြမ်းဖက်မှုတွေ ရှိလာရင် အကြမ်းဖက်မှုနဲ့ပဲ တုံ့ပြန်သွားမှာ ဖြစ်တယ်” ဟု ၎င်းက X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

လွန်ခဲ့သည့်နှစ်ပတ်အတွင်း ရေနံတင်သင်္ဘောများ ပြန်လည်ဖြတ်သန်းခွင့်ရရှိလာချိန်တွင် ကမ္ဘာ့ရေနံဈေးနှုန်းများ ကျဆင်းလာခဲ့သော်လည်း ယခုကဲ့သို့ တင်းမာမှုများ ပြန်လည်ဖြစ်ပွားလာခြင်းကြောင့် စွမ်းအင်ဈေးကွက်အပေါ် သက်ရောက်မှုရှိလာမည်ကို စိုးရိမ်လျက်ရှိသည်။

ကိုးကား-A.P

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed