PSM(NEWS) ဇွန် ၂၈၊၂၀၂၆ ပေကျင်းမြို့တွင် လေယာဉ်ငယ်တစ်စင်း အထပ်မြင့်တိုက်တစ်တိုက်အား တိုက်မိခဲ့မှုကြောင့် လေယာဉ်မှူး သေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တရုတ်အာဏာပိုင်များက စနေနေ့တွင် ပြောကြားလိုက်သည်။ ပေကျင်းမြို့၏ စီးပွားရေးလုပ်ငန်းများ ထွန်းကားသည့် ချောင်ရန်ခရိုင် အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ၊ သောကြာနေ့ ညနေ ၅ နာရီ ၅၅ မိနစ်တွင် လူနှစ်ဦးစီး လေယာဉ်ငယ်တစ်စင်းသည် East Third Ring လမ်းမကြီးအနီးရှိ အထပ်မြင့်တိုက်တစ်တိုက်ကို တိုက်မိခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ WeChat တွင် ဖော်ပြထားသည့် အဆိုပါအတိုချုပ်သတင်းတွင် အဆောက်အအုံအမည် သို့မဟုတ် လေယာဉ်မှူး၏အမည်ကို ဖော်ပြထားခြင်းမရှိဘဲ၊ လေယာဉ်ပေါ်တွင် လေယာဉ်မှူးတစ်ဦးတည်းသာ ပါရှိခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။ ကမ္ဘာလုံးဆိုင်ရာ လေကြောင်းပျံသန်းမှု ခြေရာခံဝန်ဆောင်မှုပေးသည့် Flightradar24 ၏ အဆိုအရ၊ အဆိုပါလေယာဉ်သည် ပေကျင်းမြို့၏ အမြင့်ဆုံးတိုက်ဖြစ်ပြီး အထပ် ၁၀၈ ထပ်ရှိသည့် CITIC တာဝါ (သို့မဟုတ်) China Zun တိုက်ကို တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သောကြာနေ့တွင် ဖော်ပြခဲ့သည်။ ပေကျင်းမြို့၏ အမှတ်သင်္ကေတတစ်ခုဖြစ်သည့် အဆိုပါတိုက်သည် ပေ ၁,၇၀၀ (၅၂၈ မီတာ) ကျော် မြင့်မားသည်။ Flightradar24 ၏ လူမှုကွန်ရက်တွင် ဖော်ပြချက်အရ Sunward SA 60L Aurora အမျိုးအစား လေယာဉ်ငယ်သည် ပေကျင်းမြို့၏ အရှေ့ဘက် ၅၀ ကီလိုမီတာ (မိုင် ၃၀) ခန့်အကွာရှိ လေဆိပ်တစ်ခုမှ ပျံတက်လာခဲ့ပြီး အနောက်ဘက်သို့ ဦးတည်ပျံသန်းလာရင်း East Third Ring လမ်းမကြီးအနီးတွင် တိုက်မိခဲ့ခြင်းဖြစ်သည်။ စနေနေ့က A.P ဓာတ်ပုံများတွင် CITIC တာဝါ၏ ဖန်သားမျက်နှာစာဘက်တွင် တိုက်မိထားသည့် အမှတ်အသားများကို တွေ့မြင်ခဲ့ရပြီး ထိုနေရာရှိ အပေါက်ကို ဖုံးအုပ်ထားသည်ကိုလည်း တွေ့ရသည်။ လေကြောင်းပိုင်နက် ထိန်းချုပ်မှုတင်းကျပ်ပြီး ဒရုန်းများပင် ပျံသန်းခွင့်ပိတ်ပင်ထားသည့် မြို့တော်တွင် ယခုကဲ့သို့ မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းရင်းကို ချက်ချင်းမသိရှိရသေးဘဲ အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ ကိုးကား-AP Post navigation အမေရိကန်၏ မရေရာသော သဘောထားများကြား ဥရောပကာကွယ်ရေးအတွက် ရုန်းကန်နေရ ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘော တိုက်ခိုက်ခံရ၊ အမေရိကန်နှင့် အီရန်တို့ကြား ငြိမ်းချမ်းရေးသဘောတူညီချက်နောက်ပိုင်း အဆိုးရွားဆုံး တင်းမာမှုဖြစ်ပွား