PSM (NEWS)

ဇွန် ၂၈၊ ၂၀၂၆

အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဆတ်က မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) အဖွဲ့ဝင် ဥရောပနိုင်ငံများကို “အခွင့်အရေးယူသူများ” ဟု စွပ်စွဲပြီး အမေရိကန်တပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းမည်ဟု သတိပေးလိုက်ပြီးနောက် နာရီပိုင်းအကြာတွင် ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုရီးယပ်စ် သည် ပြုံးရွှင်လျက်ရှိနေသည်။

၎င်းတို့နှစ်ဦးသည် ယူကရိန်းနိုင်ငံသို့ လက်နက်အထောက်အပံ့ပေးရေး ပူးပေါင်းဆောင်ရွက်နေသည့် ကော်မတီ၏အစည်းအဝေးအတွင်းအလွတ်သဘော တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး၊ ယူကရိန်းကာကွယ်ရေးဝန်ကြီး မိုင်ခိုင်လို ဖီဒိုရော့ဖ်က မော်စကိုရှိ ရေနံချက်စက်ရုံတစ်ခု တိုက်ခိုက်ခံရသည့် ရုပ်ပုံများကို ပြသခဲ့ခြင်းကြောင့် ဖြစ်သည်။

ပြီးခဲ့သည့်သီတင်းပတ်က ဘရပ်ဆဲလ်တွင် ကျင်းပခဲ့သည့် NATOကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသည် ဥရောပနှင့် ဝါရှင်တန်တို့ကြား ဆက်ဆံရေးကို ပြန်လည်သတ်မှတ်နေသည့် နောက်ဆုံးဖြစ်ရပ်တစ်ခုသာ ဖြစ်သည်။ ဒေါ်နယ် ထရမ့်၏ အမေရိကန်သမ္မတသက်တမ်း တစ်နှစ်ခွဲကျော်ကာလအတွင်း ဥရောပမှ မဟာဗျူဟာပညာရှင်များသည် အမေရိကန်၏ ကာကွယ်ရေးကတိကဝတ်များ လျော့ကျလာခြင်းနှင့် ပတ်သက်၍ မကြာခဏဆိုသလို ကြားရသည့် သတင်းစကားများကို ကိုင်တွယ်ဖြေရှင်းရန် သင်ယူနေကြရသည်။

ဥရောပနိုင်ငံများသည် မှီခိုအားထားမှုကို လျှော့ချရန် ကြိုးပမ်းနေသော်လည်း NATO အဖွဲ့၏ အခြေခံအဆောက်အအုံ၊ စစ်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုစနစ်များသည် အမေရိကန်အပေါ် လွန်စွာမှီခိုနေရဆဲဖြစ်ရာ ဇူလိုင် ၇ ရက်နေ့ အန်ကာရာမြို့တွင် ကျင်းပမည့် NATO ထိပ်သီးအစည်းအဝေးအတွက် အခက်အခဲများစွာ ရှိနေဆဲဖြစ်သည်။

၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း အမေရိကန်၏ ကြေညာချက်များမှာ လျင်မြန်လှသည်။ ဂျာမန်သတင်းစာ Die Welt ၏ ဖော်ပြချက်အရ အမေရိကန်သည် NATO အတွက် ခွဲတမ်းချထားသည့် တိုက်လေယာဉ်အရေအတွက်ကို ၁၅၀ မှ ၁၀၀ သို့ လျှော့ချခြင်း၊ လောင်စာဆီဖြည့်လေယာဉ် ၈ စီး၊ ရေကြောင်းကင်းထောက်က်လေယာဉ် ၂၆ စီးမှ ၁၅ စီးသို့ လျှော့ချခြင်းအပြင် လေယာဉ်တင်သင်္ဘောအုပ်စု တစ်စုနှင့် ခရုဇ်ဒုံးကျည်တပ် ရေငုပ်သင်္ဘော အနည်းဆုံး တစ်စင်းကို ရုပ်သိမ်းသွားမည်ဖြစ်သည်။

ပိုလန်နိုင်ငံ၌ အမေရိကန်တပ်ဖွဲ့ဝင် ၄,၀၀၀ ကို လှည့်ပတ်ချထားရန် အစီအစဉ်ကို ပင်တဂွန်က ပယ်ဖျက်လိုက်သည့် သတင်းများကြောင့် ပိုလန်အာဏာပိုင်များ စိုးရိမ်ခဲ့ကြသော်လည်း မေလတွင် ထရမ့် က “နောက်ထပ်တပ်ဖွဲ့ဝင် ၅,၀၀၀” ပို့မည်ဟု ပြောကြားခဲ့သည်။ သို့သော် ဂျာမနီမှ ရုပ်သိမ်းလိုက်သည့် တပ်ဖွဲ့ဝင် ၅,၀၀၀ နှင့် ချိတ်ဆက်မှု ရှိ၊ မရှိမှာ ရှင်းလင်းမှု မရှိသေးပေ။

ပင်တဂွန် မူဝါဒရေးရာ အကြီးအကဲ အယ်လ်ဘရစ်ခ်ျ ကိုလ်ဘီက အမေရိကန်သည် “အမေရိကန်ပြည်သူများ၏ အကျိုးစီးပွားနှင့် ကိုက်ညီသော ကုန်ကျစရိတ်နှင့် အန္တရာယ်များကိုသာ ထိန်းသိမ်းရမည်” ဟု သတိပေးခဲ့သည်။ ယူကရိန်း၏ စစ်ရေးအောင်မြင်မှုများသည် ဥရောပခေါင်းဆောင်များအား ကိုယ်ပိုင်စွမ်းအားအပေါ် ယုံကြည်မှု တိုးလာစေသော်လည်း၊ ပညာရှင် ရူဘင် စတီးဝပ်ကမူ “အမေရိကန်၏ စစ်ရေးစနစ် (Operating System) မပါဝင်ဘဲ ဥရောပတပ်ဖွဲ့များမှာ အားနည်းသွားလိမ့်မည်” ဟု သုံးသပ်ထားသည်။

ထို့အပြင် ဥရောပအရာရှိများသည် အမေရိကန်၏ Palantir ကုမ္ပဏီထုတ် Maven Smart System ကဲ့သို့သော အဆင့်မြင့် နည်းပညာဆိုင်ရာ သတင်းအချက်အလက်များကို ဝါရှင်တန်က ဝေမျှပေးခြင်းမရှိကြောင်း မကျေမနပ်ဖြစ်နေကြသည်။

လန်ဒန်တွင် ပြုလုပ်သည့် ဗြိတိသျှစစ်တပ်၏ ကာကွယ်ရေးညီလာခံတွင် အမေရိကန်အရာရှိတစ်ဦးမျှ မတက်ရောက်ခဲ့ခြင်းမှာလည်း ထူးခြားသော အချက်တစ်ခုဖြစ်သည်။ ၎င်းညီလာခံတွင် ဗြိတိသျှစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာ ရိုလီ ဝေါ်လ်ကာက ဒေတာမျှဝေရေးဆိုင်ရာ စည်းမျဉ်းများ သတ်မှတ်ရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သော်လည်း၊ အမေရိကန်ဘက်မှ အရေးပါသည့် ဗိုလ်ချုပ်ကြီး ခရစ် ဒိုနာဟူး ကို ပိထ် ဟက်ဆတ် က ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

ထရမ့် သည် အန်ကာရာ ထိပ်သီးအစည်းအဝေးသို့ တူရကီသမ္မတအား ရိုသေသောအားဖြင့်သာ တက်ရောက်မည်ဟု ပြောကြားထားပြီး၊ အများပြည်သူရှေ့တွင် မကျေနပ်ချက်များ ထုတ်ဖော်ခြင်းမျိုးကို ရှောင်ရှားရန် အစည်းအဝေးကို တိုတိုနှင့် လိုရင်းသာ ကျင်းပရန် စီစဉ်ထားသည်။ သို့သော်လည်း တံခါးပိတ်ဆွေးနွေးပွဲများတွင်မူ အရေးကြီးသည့် ဆွေးနွေးချက်များစွာ ရှိနေဦးမည်ဖြစ်သည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed