PSM (NEWS)

မေ၂၈၊၂၀၂၆

လာအိုနိုင်ငံ၊ဆိုင်ဆွန်ဘွန်းပြည်နယ်ရှိ ရေကြီးနေသောဂူအတွင်း တစ်ပတ်ကြာ ပိတ်မိနေသည့် ရွာသား ၇ ဦးအနက် ၅ ဦးကို မေလ ၂၇ ရက်နေ့တွင် အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း လာအိုနှင့် ထိုင်းကယ်ဆယ်ရေးအဖွဲ့များက အတည်ပြု ပြောကြားသည်။ ကျန်ရှိနေသေးသော လူ ၂ ဦးကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်သည်။

ဖြစ်စဉ်မှာမေလ ၂၀ ရက်နေ့က လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တော်၏ အရှေ့မြောက်ဘက် ၁၂၅ ကီလိုမီတာအကွာရှိ ဆိုင်ဆွန်ဘွန်းပြည်နယ်တွင် ရွာသား ၇ ဦးသည် ရွှေရှာဖွေရန်အတွက် ဂူအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက် ရေကြီးမှုများကြောင့် ဂူအပေါက်ဝ ပိတ်ဆို့သွားကာ ၎င်းတို့ ပိတ်မိခဲ့ခြင်းဖြစ်သည်။

ကယ်ဆယ်ရေးသမားများသည် ရေဝင်ရောက်နေခြင်း၊ ဂူအတွင်း ပြိုကျနိုင်သည့်အန္တရာယ်နှင့် လေအရည်အသွေး ညံ့ဖျင်းခြင်းစသည့် အခက်အခဲများကြားမှ စွန့်စားရှာဖွေခဲ့ကြရသည်။ အဆိုပါနေရာသည် ယခင်က စွန့်ပစ်ထားခဲ့သည့် ရွှေတွင်းဟောင်းတစ်ခုဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

ဖင်လန်နိုင်ငံမှ အထူးကျွမ်းကျင်ကယ်ဆယ်ရေး ရေငုပ်သမား မီကို ပါစီ၏ အဆိုအရ ပိတ်မိနေသူများသည် ဂူအပေါက်ဝမှ မီတာ ၃၀၀ ခန့်အကွာတွင် ရှိနေနိုင်ကြောင်း ခန့်မှန်းထားသည်။

လက်ရှိတွင် ၅ ဦးကို ဘေးကင်းစွာ တွေ့ရှိထားပြီး ကျန် ၂ ဦးကို ဆက်လက်ရှာဖွေနေကြောင်း တာဝန်ရှိသူများက သတင်းထုတ်ပြန်ထားသည်။

ကိုးကား-CNA

By Htet Ko

You missed