PSM (NEWS) မေ ၂၈၊ ၂၀၂၆ ယခုလအစောပိုင်းကဟော်မုတ်ဇ်ရေလက်ကြားတွင် HMM ကုမ္ပဏီ၏ ကုန်တင်သင်္ဘောတစ်စင်း တိုက်ခိုက်ခံရမှုတွင် အီရန်နိုင်ငံထုတ် သင်္ဘောဖျက်ဒုံးကျည်တစ်စင်း ပါဝင်ပတ်သက်နေဖွယ်ရှိကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ အဆိုပါဖြစ်စဉ်သည် မေ ၄ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ သင်္ဘော၏ နောက်ပိုင်းကို အမည်မသိ အရာဝတ္ထုများဖြင့် နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့သည့်အတွက် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး သင်္ဘောကိုယ်ထည် ပျက်စီးခဲ့ရသည်။ တိုက်ခိုက်ရာတွင် အသုံးပြုသည့် ထိပ်ဖူးများသည် အီရန်၏ Noor သို့မဟုတ် Qader သင်္ဘောဖျက်ဒုံးကျည်များတွင် အသုံးပြုသည့် ထိပ်ဖူးများနှင့် ဆင်တူနေသည်။ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး ဆာအိဒ် ကူဇီချီ ကမူ ယင်းတိုက်ခိုက်မှုတွင် အီရန်နိုင်ငံအနေဖြင့် ပါဝင်ပတ်သက်ခြင်း လုံးဝမရှိကြောင်း ငြင်းဆိုခဲ့သည်ဟု Yonhap သတင်းဌာနက ဖော်ပြသည်။ သို့သော် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနသည် အီရန်သံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံပြီး စုံစမ်းစစ်ဆေးမှုရလဒ်များကို ရှင်းပြကာ ကန့်ကွက်ကြောင်း အကြောင်းကြားခဲ့သည်။ တိုက်ခိုက်ခံရသည့် သင်္ဘော Namu သည် ပထမအကြိမ်တွင် မပေါက်ကွဲခဲ့သော်လည်း ဒုတိယအကြိမ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တောင်ကိုရီးယားအစိုးရအနေဖြင့် ယင်းတိုက်ခိုက်မှုမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဟုတ်မဟုတ်နှင့် တာဝန်ရှိသူကို အပြီးသတ် သတ်မှတ်ချက် မထုတ်ပြန်ရသေးကြောင်း ဝန်ကြီးဌာနက ဆိုသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်းတွင် အီရန်က တောင်ကိုရီးယားသင်္ဘောကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ အဆိုပါ ရေလက်ကြားတွင် လုံခြုံရေးအတွက် အမေရိကန်ဦးဆောင်သော ကြိုးပမ်းမှုများတွင် ပူးပေါင်းပါဝင်ရန် ဆိုးလ်ကို တိုက်တွန်းခဲ့ဖူးသည်။ ကိုးကား-Reuters Post navigation လာအိုနိုင်ငံရှိ ဂူအတွင်း ပိတ်မိနေသူ ၇ ဦးအနက် ၅ ဦးကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိ NATO၏မြောက်ဘက်နယ်စပ်များတွင်ဒရုန်းများကျူးကျော်ဝင်ရောက်မှုကြောင့် လုံခြုံရေးစိုးရိမ်မှုများ မြင့်တက်